ထိုင်းနို်င်ငံတွင် စစ်အစိုးရအား ဆန့်ကျင်ကာ ရာပေါင်းများစွာက ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဆန္ဒပြ

ထိုင်းနို်င်ငံတွင် စစ်အစိုးရအား ဆန့်ကျင်ကာ ရာပေါင်းများစွာက ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဆန္ဒပြ

ဘန်ကောက်၊ မတ် ၁၀ ။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ် ၁၀ ရက်က ဒီမိုကရေစီ ထောက်ခံသော ပြည်သူရာပေါင်းများစွာသည် စစ်အစိုးရအား အံ့တုကာ ဆန့်ကျင်ပြီး စာတမ်းများ ရိုက်နှိပ်ထားသည့် တီရှပ်များ၊ ဆိုင်းဘုတ်များနှင့် မိန့်ခွန်းများ ပြောဆိုကြကာ စုရုံးဆန္ဒပြကြသည်။

နိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူများအနေဖြင့် ဆန္ဒပြမှုများကို တားမြစ်ထားခြင်းအား ဆန့်ကျင်အာခံမှုတွင် ပိုမို၍ စိတ်ဓာတ်ထက်သန် အင်အားကောင်းလာလျက် ရှိနေသည်။

၂၀၁၄ ခုနှစ်အတွင်းက အာဏာသိမ်းခဲ့သော ထိုင်းစစ်အစိုးရသည် လူငါးဦးထက် ပိုကာ စုဝေးမှုကို ဥပဒေဖြင့် တားမြစ်ခြင်း၊ တက်ကြွလှုပ်ရှားသူများအား တရားရုံးတင်ခြင်းများဖြင့် သဘောထားကွဲလွဲသူများအပေါ် တင်းကြပ်စွာ ကိုင်တွယ်လျက်ရှိနေသည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပရန် နှောင့်နှေးခြင်းများအပေါ် စိတ်မရှည် သည်းမခံနိုင်မှုများက တိုးသထက် များပြားလာခဲ့သည်။ လက်ရှိတွင် ရွေးကောက်ပွဲကို ၂၀၁၉ ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု ကြေညာထားသော်လည်း စိတ်ချလက်ချ မရှိရသော ကြေညာချက်ဖြစ်သည်။

ပြီးခဲ့သည့် ဆန္ဒပြမှုများမှ နောက်ဆုံးတစ်ရပ်ဖြစ်သည့် ယခုဆန္ဒပြမှုသည် ဘန်ကောက်ရှိ တက္ကသိုလ်တစ်ခု၏ နယ်မြေအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး ဆန္ဒပြအင်အား ၅၀၀ နီးပါးမှာ ပျော်ပွဲစားထွက်သည့်ပုံစံ သစ်လွင်သော ဝတ်စားဆင်ယင်မှုများဖြင့် စုရုံးဆန္ဒပြခြင်းပဲ ဖြစ်သည်။

“ဒီမိုကရေစီကို မီးသဂြိုလ်တဲ့ သူတွေ ထွက်သွားကြပါ။”ဟု လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးက ထရပ်ကားပေါ်တက်ကာ လူအုပ်အား နှိုးဆော်ပြောရာတွင် လက်ခုပ်သံများ ကျယ်လောင်စွာ တီးခုပ်အားပေးကြသည်။

“ဒီနှစ်မှာတော့ ပြည်သူတွေ ပိုပြီး သတ္တိရှိလာနေပြီဖြစ်တယ်။ ဆန္ဒပြဖို့ ဝန်မလေးတော့ဘူး။ အထူးသဖြင့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကတိတွေ ပျက်တာကြောင့်ပဲ ဖြစ်တယ်။”ဟု ယခုဆန္ဒပြသမှုကို ဦးဆောင်စီစဉ်နေသူ အီကာချိုင်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required