၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၃ ဆုထိ ချီးမြှင့်မည်

၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၃ ဆုထိ ချီးမြှင့်မည်
၂၀၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနား။ ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

မတ်လ ၁၀ ။               ။ ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၃ ဆုထိ ချီးမြှင့်နိုင်ရန် ရည်မှန်းထားပြီး အကယ်ဒမီ ရွှေစင်ရုပ် တွင် ရွှေငါးကျပ်သား ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက အကယ်ဒမီ ရွှေစင်ရုပ်တွင် ရွှေနှစ်ကျပ်သား ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ရွှေငါးကျပ်သား သို့ တိုးမြှင့်ချီးမြှင့်မည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အကယ်ဒမီ ဆု ၁၁ ဆု အပါအဝင် အထူးဆု၊ တစ်သက်တာထူးချွန်ဆုများကို ယခုနှစ်တွင် ထပ်တိုး ချီးမြှင့်သွား မည် ဖြစ်ပြီး အထူးဆုသည် ကလေးသရုပ်ဆောင်အတွက်တင်မဟုတ်ဘဲ ထူးခြားမှုများ အတွက် အထူးဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ကာ အသက် ၈၅ နှစ်နှင့်အထက် ရုပ်ရှင်အနုပညာသည် များအား တစ်သက်တာထူးချွန်ဆု ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

အဆိုပါ တစ်သက်တာထူးချွန်ဆု ရရှိသူအား Forever Group မှ လစဉ် ငွေကျပ် ငါးသိန်းနှုန်းဖြင့် တစ်သက်တာ လုံး ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့် မတ်လ ၂၃ ရက်၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအီးဗန့်ပတ်ခ်(MEP)တွင် ကျင်းမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကား ရှိသည်။ အဆိုပါ ရုပ်ရှင်ကား ၅၃ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးအဖွဲ့မှ နှစ်လခန့် အချိန်ယူကြည့်ရှုအကဲဖြတ်ခဲ့ကြ ကြောင်း သိရသည်။

အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထပ်ဆင့်အကယ်ဒမီ ဝါဝါ၀င်းရွှေက ပရိသတ်တွေအနေနဲ့ ဆုရမယ်ထင်တဲ့ ဇာတ်ကားတွေနဲ့ အနုပညာရှင်တွေကို ခန့်မှန်းနိုင်ပေမယ့် ရွေးချယ်ရေးအဖွဲ့ကတော့ ကြိုတင်ထုတ်ပြန်ပေးဖို့ မရှိကြောင်း မဇ္ဈိမသို့ ပြောထားသည်။

ယခင်နှစ်များက အကယ်ဒမီဗန်းကိုင်၊ ရွှေကြိုများကို သီးခြားရွေးချယ်ခဲ့သော်လည်း ယခုနှစ်တွင် အကယ်ဒမီ အကူ မောင်မယ်များအဖြစ် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ သားသမီးများကိုသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

 ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုတော့ ပြည်သူ့ရင်ပြင်မှာ ယမန်နှစ်က ပြုလုပ်ခဲ့ပြီး အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်အသံဆု၊အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ နှင့် ရုပ်ရှင်အထူးဆု တို့ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly