ကယ်လီဖိုးနီးယားရှိ စစ်မှုထမ်းဟောင်းနေအိမ်တစ်အိမ်၌ ဓားစာခံဖမ်းဆီးမှုဖြစ်စဉ်ဖြစ်ပြီး လူ ၄ ဦးသေဆုံး

ကယ်လီဖိုးနီးယားရှိ စစ်မှုထမ်းဟောင်းနေအိမ်တစ်အိမ်၌ ဓားစာခံဖမ်းဆီးမှုဖြစ်စဉ်ဖြစ်ပြီး လူ ၄ ဦးသေဆုံး

 

မတ် ၁၀ ။           ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စစ်မှုထမ်းဟောင်းများနေထိုင်သည့် နေအိမ်တစ်အိမ်၌ မတ်လ ၉ ရက်က သေနတ်သမားတစ်ဦးက အိမ်တွင်းရှိ လူ သုံးဦးအား ဓားစာခံဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့ လေးဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း ပြည်နယ်အမြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ နေအိမ် ဓားစာခံထိန်းသိမ်းမှုဖြစ်စဉ်ဖြစ်ပြီး နာရီများစွာကြာပြီးနောက် ယခုအခါ သေနတ်သမားရော၊ ဓားစာခံအမျိုးသမီး သုံးဦးပါ သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ၎င်းတို့၏ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က ရဲတပ်ဖွဲ့က အဆိုပါ ဓားစာခံထိန်းသိမ်းထားသည့် နေအိမ်တွင်းသို့ ဝင်ရောက်ကြည့်ရှုရာတွင် ယခုကဲ့သို့ လူ လေးဦး၏ အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ကယ်လီဖိုးနီးယား အမြန်လမ်းရဲတပ်ဖွဲ့အကြီးအကဲ ခရစ် ချိုင်းစ်က ပြောသည်။

ယင်း ဓားစာခံထိန်းသိမ်းမှုဖြစ်စဉ်ကြောင့် ယခုအခါ အများပြည်သူ ဘေးအန္တရာယ်အတွက် စိုးရိမ်စရာ မရှိတော့ပါကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

ဆန်ဖရန်စစ္စကိုမြို့ အရှေ့မြောက်ပိုင်း မိုင် ၅၀ ခန့်အကွာ Yountville မြို့ရှိ ယင်းနေ့ အဆိုပါ စစ်မှုထမ်းဟောင်းနေအိမ်တွင် ပါတီပွဲတစ်ခု ကျင်းပနေစဉ် သေနတ်သမားတစ်ဦး ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အိမ်တွင်း၌ ပစ်ခတ်သံများ ကြားခဲ့ရကြောင်း၊ အနည်းဆုံး လူ သုံးဦးအား ဓားစာခံထိန်းသိမ်းထားခဲ့ကြောင်း အစောပိုင်းက ပြည်တွင်းမီဒီယာများနှင့်အာဏာပိုင်များက ထုတ်ပြန်ပြောကြားထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required