ပန်းချီကားတစ်ချပ်ကိုလေလံတင်ပြီး လိုအပ်သည့်နေရာတွင်လှူသွားမည်ဟု ကျားပေါက်ပြော

ပန်းချီကားတစ်ချပ်ကိုလေလံတင်ပြီး လိုအပ်သည့်နေရာတွင်လှူသွားမည်ဟု ကျားပေါက်ပြော

ရန်ကုန်၊ မတ် ၁၀ ။                      ။ တစ်ကိုယ်တော်ပန်းချီပြပွဲပြုလုပ်နေသည့် အဆိုတော်ကျားပေါက်က ၎င်း၏ပန်းချီကားများထဲမှ တစ်ခုကို အွန်လိုင်းတွင်လေလံတင်ရောင်းချကာ ရရှိလာ သည့် ငွေအားလုံးကို လိုအပ်သည့်နေရာတစ်ခုခုတွင် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အဆိုတော် ကျားပေါက်က ၎င်း၏ပထမဆုံး တစ်ကိုယ်တော် ပန်းချီပြပွဲ ဖြစ်သည့် ''Kyar Pauk - Outelligence'' ကို  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ Ahla Thit Art Gallery တွင် ပြသခဲ့သည့် မတ်လ ၉ ရက်နေ့ တွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

" အလှူလုပ်ဖို့က ပန်းချီကားတစ်ကားရှိတယ်။ အခုအွန်လိုင်းမှာ လေလံဆွဲတာပေါ့နော်။ လေလံဆွဲပြီး အဲ့ဒီ့ကရတဲ့ပိုက်ဆံတွေအကုန်လုံးကို တစ်နေရာ ရာပေါ့။ မိဘမဲ့ဂေဟာဖြစ်ရင်လည်းဖြစ်မယ်။ မပြောတတ်သေးဘူး တစ်ခုခုကိုတော့လှူမယ်လို့စဉ်းစားထားတယ် " ဟု ၎င်းကပြောသည်။

အဆိုပါပန်းချီပြပွဲတွင် အဆိုတော်ကျားပေါက်၏ ပန်းချီကား ၃၀ နှင့် ဇနီးဖြစ်သူ ဇုံဇုံတို့ ရေးဆွဲသည့် ပန်ချီကားတစ်ချပ် စုစုပေါင်း ၃၁ ကားကိုပြသထားခြင်းဖြစ်သည်။

ပြသထားတဲ့ ပန်းချီကားတွေက မြို့ပြ၏ မွန်းကြပ်မှုကိုတွေ ခံစားချက်တွေအဖြစ်ရေးဆွဲထားသည့် ပန်းချီကားမှာ အများစုဖြစ်သည်ဟုလည်း အဆိုတော်ကျားပေါက်က ပြောသည်။

" အမျိူးအစားခွဲတာကတော့ အမှန်တိုင်းပြောရင်ကျွန်တော်မသိပါဘူး။ အဲ့တာက ပညာရှင်တွေအလုပ်ပေါ့နော်။ ကျွန်တော်ကတော့ စိတ်ထဲရှိတဲ့ အတိုင်းလုပ်လိုက်တာပဲ။ အရောင်တွေဆိုလည်း ကျွန်တော့်စိတ်ရှိတဲ့ အရောင်တွေ ချယ်လိုက်တာပဲပေါ့။ ခေါင်းစဉ်တစ်ခုခု အောက်မှာရှိမရှိကတော့ ပညာရှင်ပိုင်းတွေက ပြောပါလိမ့်မယ် " ဟု ၎င်းကဆိုသည်။

အဆိုပါ ပန်းချီပြပွဲကို မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ မတ်လ ၁၁ ရက် ၊ ညနေ ၅ နာရီအထိ ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly