“အပစ်အခတ် ရပ်စဲတာကို ဘာသံသယရှိနေပါသလဲ ဒေါ်အောင်ဆန်းစုကြည်”

“အပစ်အခတ် ရပ်စဲတာကို ဘာသံသယရှိနေပါသလဲ ဒေါ်အောင်ဆန်းစုကြည်”
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ...

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးက ဗိုလ်မှူးကြီး ဟောင်း စောထူးထူးလေး၊ ရှမ်းနိုင်ငံရေးသမား ဦးဟန်ညောင်ဝေ တို့ပါတဲ့အဖွဲ့ကို သူ့ရဲ့ ရန်ကုန်မြို့ အင်းလျားလမ်းနေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံကြရာမှာ အဓိက ဆွေးနွေးခဲ့ တဲ့ အကြောင်းအရာကတော့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စပါ။ ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ်စာချုပ်ကို အလောသုံးဆယ် လက်မှတ်ရေးထိုးဖို့ သင့်တော်ပါရဲ့လား၊ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိနေသလဲဆိုတဲ့ မေးခွန်းမေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ဒီလိုမေးခွန်းမျိုး ဘာကြောင့်မေးရတာလဲ၊ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည် ဘယ်လိုနားလည်ထားပါသလဲ၊ လက်တွေ့ ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒီနေ့ ဆွေးနွေးပွဲမှာ ကေအင်န်ယူဘက်က ဦးဆောင်ပါဝင်သူဟာ ဗိုလ်မှူးကြီးဟောင်း စောထူးထူးလေးပါ။ သူဟာ ကေအင်န်ယူထဲ ဖြတ်သန်းခဲ့တဲ့ ဝါရင့်ကရင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်ပြီး လက်ရှိ ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ နိုင်ငံရေးဆိုင်ရာ အထူးအကြံပေးလည်း ဖြစ်ပါတယ်။ သူနဲ့ ရှမ်းနိုင်ငံရေးသမား ဦးဟန်ညောင်ဝေတို့ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တာဟာ လက်ရှိ နောက်ဆုံးအဆင့်မှာ အခက်အခဲ ကြုံတွေ့နေရတဲ့ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရှင်းပြဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လပေါင်းများစွာ ခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခုကို အပြီးသတ် ဆွေးနွေးခဲ့ပြီးကြပါပြီ။ ဒီစာချုပ်ကြီးကို ပြည်တွင်း အသိသက်သေ၊ နိုင်ငံတကာ အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးဖို့ပဲ ကျန်ပါတော့တယ်။ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို နောက်ဆုံးကျန်နေတဲ့ ပြဿနာတစ်ခုကတော့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးရာမှာ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ အဖွဲ့တွေထဲမှာ အစိုးရက အဖွဲ့ (၆) ဖွဲ့ကို ချန်လှပ်ပြီး ထိုးမယ်ဆိုတဲ့ ပြဿနာပါ။ အဲဒီ အဖွဲ့ (၆) ဖွဲ့ထဲမှာ လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်ဖွဲ့တွေ ပါဝင်ပြီး တခြားလက်နက်ကိုင် တပ်မရှိ၊ တိုက်ပွဲလည်းမဖြစ်တဲ့ ဝ (UWSA ခေါ် အင်အားကြီး ဝ အဖွဲ့မဟုတ်)၊ လားဟူနဲ့ ရခိုင် အဖွဲ့တွေ ပါဝင်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ရင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးမှသာ အဓိပ္ပာယ်ရှိမယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ပြောဆိုတာကို ထောက်ခံလို့ မရသလို၊ အစိုးရက အဆိုပြုတဲ့ အောက်ခြေ လက်မှတ်ထိုးမထားတဲ့ အဖွဲ့တချို့ကို ချန်ထားမယ်၊ နောက်မှ လက်မှတ်ထိုးဆိုတာကိုလည်း မှန်တယ်လို့ မပြောဆိုနိုင်ပါဘူး။ အကြောင်းကတော့ အစိုးရနဲ့ တပ်မတော် ဘက်မှာရော၊ အားလုံးမပါရင် လက်မှတ်မထိုးနိုင်ဘူးလို့ဆိုတဲ့ တိုင်းရင်းသား အုပ်စုတချို့ဘက် မှာပါ ကိုယ်ပိုင်အကျိုးစီးပွားတွေ ပါဝင်နေကြလို့ပဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖိနှိပ်တဲ့ မဟာ ဗမာဝါဒီစစ်တပ်က တစ်ဘက်၊ ဖိနှိပ်ခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေက တစ်ဘက်ဆိုပြီး စာအုပ်ကြီးအတိုင်း ခွဲခြားမရတော့လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ် နှစ်ကာလ ကြာရှည်လာတဲ့အခါ အများစုသော လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေဘက်မှာ ဗမာလူမျိုးကြီး စစ်ဘုရင်တွေကို ဆန့်ကျင်ရင်း တိုင်းရင်းသား စစ်ဘုရင်တွေနဲ့ စစ်ဘုရင်ဝါဒ ထွန်းကား ပေါ်ပေါက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီ အုပ်စုနှစ်ဘက်စလုံးဟာ ဒီမိုကရေစီဆိုတာကို မယုံကြည်ကြပါဘူး။ ဗမာ စစ်ဘုရင် တွေ ယုံကြည်တဲ့ နိုင်ငံတော်ဆိုတာဟာ တပ်မတော်က နိုင်ငံရေးဦးဆောင်မှု ရယူလိုတာမျိုးဖြစ်ပြီး တိုင်းရင်းသား စစ်ဘုရင်တွေလိုချင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာကလည်း တိုင်းရင်းသားတွေ မဲပေးရွေးချယ်သူက အုပ်ချုပ်တာမျိုးမဟုတ်ဘဲ စစ်ဘုရင်ငယ်တွေက အလိုအလျောက် အုပ်ချုပ်ခွင့် ရချင်တာမျိုး ဖြစ်ပါတယ်။ ကြားထဲက မြေဇာပင်ဖြစ်ရတာက တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးပါ။ ပြည်တွင်းစစ် ကြာရှည်လေ၊ လက်နက်ကိုင် ပဋိပက္ခ မရပ်နိုင်လေ အတိဒုက္ခ ရောက်လေ ဖြစ်ရတာက တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသား အားလုံးပါ။ စစ်ပွဲတွေ ရှိနေသမျှ တိုင်းရင်းသားတွေရဲ့ ဘဝ မလုံမခြုံနဲ့ ဆင်းရဲမွဲတေ အောက်ကျနောက်ကျ ဘဝ ရောက်နေရမှာ ဖြစ်ပြီး တိုင်းပြည်အနေနဲ့လည်း စစ်ဘုရင်ဝါဒ အောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် လက်ရှိအရေးကြီးတာဟာ ပထမအဆင့်အနေနဲ့ တစ်တိုင်းပြည်လုံး သေနတ်သံတိတ် အပစ်ရပ်သွားဖို့ပါ။ အဲလို အပစ်ရပ်သွားဖို့အတွက် ပြည်သူတွေက သိပ်ပြီး တတ်နိုင်တာ မဟုတ်ပါဘူး။ စစ်ဘုရင်အချင်းချင်း အပေးအယူတည့် ညှိနှိုင်းလို့ အဆင်ပြေမှသာ ဖြစ်နိုင်မှာပါ။

ဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးပါတီ တစ်ခုခု၊ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ယောက်က ရပ်တည်ရမယ့် အနေအထားဟာ ပြည်တွင်းစစ် အမြန်ရပ်စဲရေးပါ။ နိုင်ငံရေးအရ သဘောတူညီချက်တွေရဖို့ ဘယ်လောက်ကာလကြာမယ် မမှန်းနိုင်သေးပေမယ့် တကယ့် အရေးကြီးတာက သေနတ်သံတွေ အရင်တိတ်သွားရအောင် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ကြဖို့ပါ။ ဒါကိုပဲ အားပေးဖို့လိုပါတယ်။ နှစ်ဘက် စစ်ဘုရင်တွေ ပြေလည်မှုရသည်အထိ ညှိနှိုင်းကြအောင် အားပေးကြဖို့ပဲ လိုပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေးခွန်းက “၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဒီလက်မှတ်ထိုးတဲ့ကိစ္စ အလောသုံးဆယ် လုပ်သင့်သလား မလုပ်သင့်ဘူးလား။ အလောသုံးဆယ် လုပ်တာ နောက်မှာ ဘာအကြောင်းတွေရှိသလဲ” ဆိုတဲ့ မေးခွန်းဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် အမြန်လက်မှတ်ထိုးဖြစ်အောင် ကြိုးစားသူတွေကပဲ အမှားတစ်ခုခု လုပ်နေသလိုမျိုး စွပ်စွဲရာ ရောက်စေပါတယ်။ နေ့စဉ်နဲ့အမျှ မြေမြှုပ်မိုင်းဒဏ် ခံနေရတဲ့၊ နေရပ်ကို မပြန်နိုင်တဲ့၊ ပညာမသင်နိုင်တဲ့၊ အထွေထွေ လူမှုဘဝ နိမ့်ကျနေပြီး မျှော်လင့်ချက် တစ်စုံတရာ မထားနိုင်တဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး ပြောသလို ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

မဇ္ဈိမဒစ်ဂျစ်သတင်းစာ Update VersionAndroid ဖုန်းတွေမှာ Download လုပ်ပြီး install လုပ်ထားရုံနဲ့ သတင်းစာဖတ်နိုင်ပါပြီ။Download link - http://bit.ly/1JF5t8W

Posted by Mizzima - News in Burmese on Wednesday, August 26, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required