မန်စီမြို့နယ် မုုိင်းခေါင်စစ်ရှောင်စခန်းမှ ဒုုက္ခသည် ၂ ဦး အလောင်း ပြန်လည် တွေ့ရှိ

မန်စီမြို့နယ် မုုိင်းခေါင်စစ်ရှောင်စခန်းမှ ဒုုက္ခသည် ၂ ဦး အလောင်း ပြန်လည် တွေ့ရှိ

မတ်လ ၉ ရက်၊ ၂၀၁၈ ။        ။ တစ်လကျော်ကြာ ပျောက်ဆုံးနေသော ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်းကျေးရွာရှိ မိုင်းခေါင် စစ်ရှောင် စခန်းမှ ဒုက္ခသည် အသက် ၆၅ နှစ်အရွယ် ဦးဖော်ဂန်ယော်နှင့် အသက် ၃၀ နှစ်အရွယ် ဦးအင်ခွမ်နော်ဆန်း (ခ) ဒေါ်ဂျေနော်ဆန်း တို့၏ ရုပ်အလောင်းကို မတ်လ ၈ ရက်နေ့ တောတွင်း တစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က တပ်မတော်မှ မိုင်းခေါင်ကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် မှ ဦးဖော်ဂန်ယော်နှင့် ကက်သလစ်အသင်းတော်မှ ဦးအင်ခွမ်နော်ဆန်းတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပျောက်ဆုံးနေရာမှ ပြန်လည် တွေ့ရှိခြင်း ဖြစ်သည်။

“ပျောက်ဆုံးသွားတဲ့ အလောင်း တူးဖော်ပြီးပြီ။ သူတို့ နှစ်ယောက်ဟုတ်ပါတယ်။ အလောင်းကို ကြည့်ရင် တလကျော်လောက်ရှိပြီထင်တယ်။ ဦးခေါင်းက ရိုက်သတ်လိုက်သလို ကြေနေတယ်။ အလောင်းက ပုပ်ပွနေပြီဆိုတော့ တစ်ခါတည်း ပြန်မြှုပ်လိုက်မယ်လို့ ပြောထားပြီ”ဟု မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမရန်ဆိုင်းဘောက်က ပြောသည်။

သေဆုံးသူများ၏ အလောင်းကို မိုင်းခေါင်ကျေးရွာနှင့် ၂ ဖာလုံခန့် ဝေးသည့် နေရာတွင် ပြန်လည် တွေ့ရှိခြင်း ဖြစ်ပြီး အလောင်းကို စစ်ဆေးမှုများ ပြုလုပ်၍ အချက်အလက်များ ရယူကာ သူတို့ နှစ်ဦးအား မြုပ်နှံထားသည့် နေရာနဘေးတွင် ပြန်လည် မြှုပ်နှံခဲ့သည်ဟု သိရသည်။

သူတို့ နှစ်ဦးကို လယ်တောသွားသည့် လမ်းမှ မည်သည့် တပ်မတော် တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း ဦးမရန်ဆိုင်းဘောက်က ပြောသည်။

“အလောင်းသွားတူးဖော်ဖို့ ရဲတွေလည်း လိုက်ပါစစ်ဆေးနေတယ်။ သူတို့ စစ်ဆေးမှုတွေ အပေါ်မှာဘဲ တရားဥပဒေ အရ လုပ်မှာပါ။ တရားရုံးက တာဝန်ရှိသူတွေလည်း ပါပါတယ်” ဟု မိုင်းခေါင်အုပ်ချုပ်ရေးမှူး ဦးဆိုင်းဘောက်က ပြောသည်။

 

ရုပ်အလာင်းအား တူးဖော်ရန် မန်စီမြို့နယ်မှ မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးမျိုးသန့်၊ မြို့နယ်ဆရာဝန် ဒေါက်တာ သိန်းအောင်၊ မြို့နယ် တရားသူကြီး ဦးကျော်သူ၊ မြို့နယ် စည်ပင်သာယာရေး ဥက္ကဌ ဦးဇော်ရိန် စသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း မိုင်းခေါင်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

မွန်းလွဲ ၂ နာရီခန့်တွင် အလောင်းအား တူးဖော်ရန် တပ်မတော်မှ ခွင့်ပြုမိန့် ရရှိခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ရွာသားများ စုစုပေါင်း ၆၀ ကျော်က အလောင်းကို သွားရောက် တူးဖော်ခဲ့ခြင်း ဖြစ်သည်ဟု အလောင်းတူးဖော်မှုတွင် ပါဝင်ခဲ့သော အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ် ကိုအောင်ဆိုင်းဆမ်က ပြောသည်။

“သူတို့နှစ်ယောက်ကို ဘယ်သူဖမ်းသွားတယ်ဆိုတာ မသိရပေမဲ့ တပ်က ဟုတ်တယ်ဆိုတာကိုတော့ မျက်မြင် သက်သေအရ သိရတယ်။ သူတို့က ရွာနဲ့ ၃ ဖာလုံလောက်ဝေးတဲ့ နေရာ လယ်တဲမှာ ဖမ်းခံရတယ်။ ဖမ်းခံပြီးတော့ လယ်တောမှာ ချည်ထားတဲ့ နေရာတွေ ကျနော်တို့ တွေ့ရတယ်။ အခုက ရွာက ၂ ဖာလုံလောက်ဝေးတဲ့နေရာမှာ ပြန်တွေ့တာပါ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မန်စီမြို့နယ် ရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့ပြီး ယနေ့တွင် အလောင်းအား တွေ့ရှိပြီ ဖြစ်၍ လူသေမှု ဖွင့်လိုက်သည်ဟု သူက ပြောသည်။

သေဆုံးသူ နှစ်ဦးနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးထံ အသနားခံခြင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ အသနားခံခြင်း၊ မံစီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းထံသို့ အကူအညီ တောင်းခံထားခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မိုင်းခေါင် စစ်ရှောင်စခန်းမှ ရွာသား ၃ ဦးကို တပ်မတော်ဘက်မှ ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခံရသဖြင့် မန်စီမြို့ အခြေစိုက် ခမရ ၃၁၉ မှ တပ်မတော်သား ၆ ဦးကို တပ်မှ ရာသက်ပန် ထုတ်ပယ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required