ချင်း၊ ရခိုင်နှင့် မကွေးတိုင်းရှိ MSMEs ထုတ်ကုန်များ ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ မကွေးမြို့တွင် ပြုလုပ်မည်

ချင်း၊ ရခိုင်နှင့် မကွေးတိုင်းရှိ MSMEs ထုတ်ကုန်များ ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲ မကွေးမြို့တွင် ပြုလုပ်မည်

မတ်လ ၉ ။               ။ ချင်း၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ ပါဝင်ပြသ/ယှဉ်ပြိုင်သွားမည့် ဒုတိယအကြိမ်အဖြစ် MSMEs ထုတ်ကုန်များ ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲကို မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ မကွေးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား လာစေရန် ရည်ရွယ်ကာ နိုင်ငံတော်ဒုတိယသမ္မတ၏ ဦးဆောင်မှုဖြင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူကျင်းပခြင်း ဖြစ် ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက "ဒေသတွင်းပြိုင်ပွဲအတွက်ဆုကတော့ အရမ်းကြီးမများဘူး။ ၅ သိန်း၊ ၃ သိန်း၊ ၂ သိန်းပေါ့နော်။ Micro အတွက် လည်း ဆုချီးမြှင့်မယ်။ အသေးစားအတွက်၊ အလတ်စားအတွက် သပ်သပ်စီပေါ့နော်။ ပြီးရင်တော့ သူတို့ကို လည်း TV ကနေ ကြော်ငြာပေးမှာပေါ့နော်။ နောက်ပိုင်းကြရင် အစိုးရကဝယ်တဲ့ပစ္စည်းတွေ ပါလာရင် တင်ဒါ တွေမှာ ဒီအရည်အသွေးရှိတဲ့ပစ္စည်းတွေသုံးဖို့ဆိုတာမျိုးတွေ ထည့်ပေးမှာပေါ့" ဟုဆိုသည်။

ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များမှ ထုတ်ကုန်များ ပြပွဲနှင့် ပြိုင်ပွဲကို ပထမအကြိမ်အဖြစ် မန္တလေးမြို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊   လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က " လောလောဆယ်တော့ ချင်းပြည်နယ်က ပြခန်း ၁၀ ခုကနေ ၁၅ ခုဝန်းကျင်လောက် ပြသသွားနိုင်ဖို့ ရည်မှန်း ထားပါတယ်။ ချင်းပြည်က ထွက်တဲ့ ဝိုင်တို့ ကော်ဖီတို့ ချင်းရိုးရာ ဂျပ်ခုတ်လုပ်ငန်းတွေ အဓိကတော့ ဒေသထွက် ကုန်တွေ ပါဝင်ပြသသွားဖို့ ရည်မှန်းထားပါတယ်" ဟု ဆိုသည်။ 

အဆိုပါ ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် အလှည့်ကျကျင်းပသွားရန် စီစဉ်ထားပြီး ဒေသတွင်း ပြိုင်ပွဲများမှ  ဆုရရှိသည့် ထုတ်ကုန်များအတွက် နောက်ဆုံးအဆင့် တစ်ပြည်လုံးအတွက် ပြိုင်ပွဲကို နေပြည်တော် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly