Star Wars ရုပ်သံစီးရီးကို Iron Man ရုပ်ရှင်များ၏ဒါရိုက်တာဖြစ်သူ ရိုက်ကူးမည်ဟု အတည်ပြု

Star Wars ရုပ်သံစီးရီးကို Iron Man ရုပ်ရှင်များ၏ဒါရိုက်တာဖြစ်သူ ရိုက်ကူးမည်ဟု အတည်ပြု

 

နာမည်ကျော် Iron Man ဇာတ်ကားများနှင့် Jungle Book ဇာတ်ကားတို့ကို ရိုက်ကူးခဲ့သော ဒါရိုက်တာ ဂျွန်ဖက်ဗရိုသည် ဝေါ့တ်ဒစ္စနေးမှထုတ်လွှင့်ပြသမည့် Star Wars ရုပ်သံစီးရီးများကို ကိုယ်တိုင်ရေးသား၍ ရိုက်ကူးမည်ဟု ယင်းကုမ္ပဏီက ကြာသာပတေးနေ့၌ အတည်ပြုကြေညာခဲ့သည်။

ဖက်ဗရိုသည် ယခင်က “Star Wars: The Clone Wars” အန်နီမေးရှင်းစီးရီးတွင် နောက်ခံအသံသရုပ်ဆောင် အဖြစ်ပါဝင်ခဲ့ဖူးပြီး ၂၀၁၈ မေလတွင်ထွက်ရှိမည့် “Solo: A Star Wars Story” ရုပ်ရှင်၌လည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် သူသည် ဒစ္စနေးမှပြန်လည်ထုတ်လုပ်မည့် The Lion King ရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

“ ကျနော်အသက် ၁၁ နှစ်အရွယ်တုန်းက တစ်ချိန်ချိန်မှာကျနော်ဟာ Star Wars ကမ္ဘာကြီးအကြောင်းကို ပုံဖော်ခွင့်ရရှိမယ်လို့ ခင်ဗျားတို့ပြောလာခဲ့မယ်ဆိုရင် ကျနော်ယုံကြည်မိမှာမဟုတ်ပါဘူး။ ဒီလိုစိတ်လှုပ်ရှားဖွယ် ရာ စွန့်စားခန်းခရီးစဉ်ကြီးကို ဖြတ်သန်းဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီ” ဟု ဖက်ဗရိုက ပြောခဲ့သည်။

ယင်း Star Wars ရုပ်သံစီးရီးအား ထုတ်လွှင့်ပြသမည့်အချိန်ကို ဒစ္စနေးဘက်မှ မထုတ်ပြန်ရသေးကြောင်း သိရသည်။

Ref: Reuters

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly