ပုံကောင်းကောင်းရဖို့အတွက် မိုးမျှော်တိုက်ခေါင်မိုးပေါ်တွေအထိ စွန့်စွန့်စားစားတက်ပြီး ရိုက်ယူနေကြတဲ့ တရုတ်နိုင်ငံက ဓာတ်ပုံဆရာများ

ပုံကောင်းကောင်းရဖို့အတွက် မိုးမျှော်တိုက်ခေါင်မိုးပေါ်တွေအထိ စွန့်စွန့်စားစားတက်ပြီး ရိုက်ယူနေကြတဲ့ တရုတ်နိုင်ငံက ဓာတ်ပုံဆရာများ

 

မတ် ၉ ။                   ။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူမြို့က အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်ခုရဲ့ ခေါင်းမိုးစွန်းနားအနီးမှာ ရပ်ရင်း ဓာတ်ပုံဆရာ ယန်းလေတစ်ယောက် သူ့ကင်မရာကို ထုတ်ချိန်လိုက်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ ယန်းလေကတော့ တစ်မျှော်တစ်ခေါ်လှပတဲ့ မြို့ရှုခင်းတစ်ခုကို အပေါ်စီးကနေ သူ့စိတ်ကြိုက်အနေအထားအတိုင်း အသေအချာ နေရာယူ ရိုက်ကူးပါတယ်။

သိပ်မကြာသေးခင်လောက်ကပဲ သူတို့နိုင်ငံက အထပ်ပေါင်း ၆၂ ထပ်မြင့်တဲ့ မိုးမျှော်တိုက် ခေါင်းမိုးစွန်းတစ်ခုပေါ်ကနေ စတန့်ထွင်ပြသဖို့ ကြိုးပမ်းခဲ့တဲ့ စတန့်သမားလူငယ်တစ်ဦး မတော်တဆဖြစ်ပြီး ပြုတ်ကျသေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ထားခဲ့ပေမယ့် ယန်းလေတို့လိုမျိုး တိုက်ခေါင်းမိုးတွေပေါ် မကြာမကြာတက်နေကြတဲ့ ဓာတ်ပုံဆရာတွေအတွက်ကတော့ ဒီသတင်းကို သိပ်ပြီး စိတ်ထဲ ထည့်မထားကြဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံဆရာ ယန်းလေဟာဆိုရင် ပြီးခဲ့တဲ့ ခုနစ်နှစ်တာအတွင်း ခုလိုမျိုး မိုးမျှော်တိုက်ခေါင်းမိုးတွေပေါ် တက်ပြီး ရိုက်ထားခဲ့တဲ့ ပုံပေါင်း မရေအတွက်နိုင်အောင် ရထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် ညဘက်တွေမှာတောင် တက်ပြီး ရိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

" ဒီလိုမျိုး စရိုက်ခါစတုန်းကတော့ ကျွန်တော်တို့အတွက် တော်တော်လွယ်တယ်ဗျ၊ ဘာလို့ ဆိုတော့ ကျွန်တော်တို့လို လုပ်တဲ့ ဓာတ်ပုံဆရာက သိပ်များများစားစား မရှိသေးဘူးလေ၊ ဒါပေမယ့် ခုနောက်ပိုင်းကျတော့ ကျွန်တော်တို့ဆီမှာက ဒစ်ဂျစ်တယ်ကင်မရာတွေကလည်း ဈေးနှုန်းသက်သာလာပြီး လူတိုင်းမှာ ဓာတ်ပုံကောင်းကောင်းရိုက်နိုင်တဲ့ အခြေအနေတွေ ရှိလာတော့ လုပ်ရကိုင်ရတာ ပိုခက်လာနေပါတယ်" ဆိုပြီး ယန်းလေက ပြောပါတယ်။

ပြီးခဲ့တဲ့ကာလက ဖြစ်သွားတဲ့ အမြင့်တက် စတန့်သမားလူငယ် ပြုတ်ကျသေဆုံးမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြောကြားရာမှာလည်း " ဒီကိစ္စက ကျွန်တော်တို့လို ဓာတ်ပုံသမားတွေအပေါ်တော့ သက်ရောက်မှု ကြီးခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး အလွန်အကျွံ စတန့်ထွင်တာမျိုးကိုတော့ ကျွန်တော်ကတော့ လုံ့၀ လက်မခံပါဘူး" လို့ ယန်းလေက ပြောသွားပါတယ်။

ဘာပဲဖြစ်ဖြစ် ယန်းလေကတော့ ခုလိုမျိုး အထပ်မြင့်ခေါင်းမိုးတွေပေါ် စွန့်စွန့်စားစား တက်ပြီး ပြည့်စုံကောင်းမွန်တဲ့ ရှုခင်းဓာတ်ပုံတွေရအောင် ဆက်ရိုက်သွားဦးမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required