တရားမျှတမှုမရှိခြင်းအား ဆန့်ကျင်သည့်အနေဖြင့် စပိန်အမျိုးသမီး ၅သန်းကျော် ချီတက်ဆန္ဒပြ

တရားမျှတမှုမရှိခြင်းအား ဆန့်ကျင်သည့်အနေဖြင့် စပိန်အမျိုးသမီး ၅သန်းကျော် ချီတက်ဆန္ဒပြ

 

မက်ဒရစ်၊ စပိန်၊ မတ် ၉  ။           ။ စပိန်နိုင်ငံ၌ လုပ်ခလစာညီမျှစွာရရှိမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းတို့အား ဆန့်ကျင်သည့်အနေဖြင့် စပိန်နိုင်ငံတစ်ဝန်းမှ အမျိုးသမီး ၅သန်းကျော်သည် ကြာသာပတေးနေ့က မြို့ကြီး မြို့ငယ်အသီးသီး၌ ချီတက်ဆန္ဒပြခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့ကြကြောင်း ကုန်သွယ်ရေးသမဂ္ဂ၏အဆိုအရ သိရသည်။

လွန်ခဲ့သော ၂၀၀၃ ခုနှစ်ကတည်းကစတင်၍ နိုင်ငံအတွင်း၌ အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမျိုးသမီးပေါင်း ၉၂၄ အထိသေဆုံးခဲ့ရခြင်းနှင့် အမျိုးသားများထက် ပျှမ်းမျှလုပ်ခလစာ ၂၂.၉ ရာခိုင်နှုန်းခန့်လျှော့နည်းနေရခြင်း တို့အား ဆန့်ကျင်သည့်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်း၌ အမျိုးသမီးပေါင်း ၅.၃ သန်းကျော် ခန့် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အထွေထွေအလုပ်သမားသမဂ္ဂနှင့် အလုပ်သမားကော်မရှင်တို့က ဆိုခဲ့ သည်။

“ငါတို့သာ ရပ်တန့်ပစ်လိုက်မယ်ဆိုရင် ကမ္ဘာကြီးလည်း ရပ်တန့်သွားလိမ့်မယ်” ဟု ချီတက်ဆန္ဒပြခဲ့ကြသော အမျိုးသမီးများက ကြွေးကြော်ခဲ့ကြသလို ကမ္ဘာတစ်ဝန်းမှ အမျိုးသမီးများအနေနှင့်လည်း အမျိုးသမီးဝါဒီချီတက် ဆန္ဒပြပွဲများ ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြသည်။

ကြာသာပတေးနေ့ညနေခင်းတွင် စပိန်နိုင်ငံမြို့တော်မက်ဒရစ်မြို့ရှိ ချီတက်ဆန္ဒပြပွဲသို့ လူပေါင်းထောင်နှင့်ချီ၍ လာရောက်ပူးပေါင်းခဲ့ကြပြီး အခြားမြို့ကြီးမြို့ငယ်များ၌လည်း ဆန္ဒပြပွဲပေါင်း ၂၀၀ ကျော်ခန့် ဖြစ်ပွားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် အမျိုးသမီးဆန္ဒပြပွဲများကို အားပေးထောက်ခံကြောင်း ကုန်သွယ်ရေးသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက ဆိုခဲ့ကြသည်။

“ကျားမတန်းတူညီတူဖြစ်ရေးနဲ့ အမျိုးသမီးများ၊ မိန်းကလေးငယ်လေးများကို လုပ်ပိုင်ခွင့်အာဏာပေးအပ်နိုင်ရေး တို့ဟာ ကျုပ်တို့ခေတ်မှာ မပြီးပြတ်နိုင်သေးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ကျုပ်တို့ကမ္ဘာကြီးအတွက်လည်း အကြီးကျယ်ဆုံးသော လူ့အခွင့်အရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က ကြေညာချက်ထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly