နယ်သာလန်သံအမတ်ကြီးထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ

နယ်သာလန်သံအမတ်ကြီးထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ

 

 

 ရန်ကုန်၊ မတ် ၈၊ ၂၀၁၈

သို့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝှမ်း၌ စုစည်း ညီညွတ်စွာဖြင့် ကျင်းပကြသည်။ ယနေ့တွင် ကမ္ဘာတစ်ဝှမ်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ရပ်တည်မှု အနေအထားအတွက် လုပ်ဆောင်ထားနိုင်ပြီးသမျှကို မိမိတို့ အကဲဖြတ်သုံးသပ်ကြသည်။ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခံနေရမှုများကို ကျယ်ပြန့်စွာ ဖော်ထုတ်ကန့်ကွက်ရေး လှုပ်ရှားမှု #metoo movement က တကမ္ဘာလုံးကို ကိုင်လှုပ်ထားနိုင်ခဲ့ခြင်းနှင့်အတူ အဆိုပါ စော်ကားနှောင့်ယှက်မှုများကို မိမိတို့ အရေးယူမှုများ လုပ်ဆောင်သွားရေးအတွက် ယခုအခါ အမျိုးသမီးအများစုအနေဖြင့်လည်း ရှေ့တန်းသို့ ပိုမိုပါဝင်ရောက်ရှိလာကြပြီ ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီး လုပ်ခလစာ တန်းတူညီမျှရှိရေးသည်လည်း ယခုဆိုလျင် လုပ်ငန်းစဉ်တွင် အခိုင်အမာ ပါဝင်လာနေပြီဖြစ်သည်။ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှု အခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ရည်ရွယ်ပြီး နယ်သာလန် ဝန်ကြီး Lilianne Ploumen က စတင်ခဲ့သည့် SheDecides လှုပ်ရှားမှုကလည်း အမ်စတာဒမ်မှ ရန်ကုန်၊ ကိတ်တောင်းမှ နယူးဒေလီ အစရှိသဖြင့် မြို့တိုင်းနေရာတိုင်းမှ အမျိုးသမီးများအတွက် ၎င်းတို့ မည်သည့်အချိန်တွင် မည်ကဲ့သို့ ကလေး ရယူမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်သွားနိုင်ရေး အခိုင်အမာ ထောက်ပံ့ပေးနိုင်ရေးအတွက် ယခုအခါ ကန်ဒေါ်လာ သန်း ၄၀၀ အထိ စုဆောင်းမတည်ထားနိုင်ပြီ ဖြစ်သည်။

သို့သော် ဆက်လက်၍ ထပ်မံလုပ်ဆောင်သွားရဦးမည့် ကိစ္စများလည်း အများအပြား ကျန်ရှိနေဆဲဖြစ်သည်။ ယခုနှစ် ဆောင်ပုဒ် ဖြစ်သော "The Time is Now" ကလည်း မိမိတို့ ရှေ့သို့ ဆက်ချီတက်သွားရေး၊ အမျိုးသမီး အခွင့်အရေးအတွက် မဆုတ်မနစ် ရဲရဲရင့်ရင့်ဖြင့် အားပေးမြှင့်တင်သွားနိုင်ရန် တိုက်တွန်း နှိုးဆော်ပေးနေလျက်ရှိသည်။

ယင်း ဆောင်ပုဒ်နှင့်အတူ မိမိတို့၏ တာဝန်ရှိမှုနှင့် အကျင့်သိက္ခာပိုင်းအပေါ် တောင်းဆိုနေသည်မှာ အခြားသူများ အရေးယူဆောင်ရွက်ခြင်းအပေါ် မယုံကြည်ရန်နှင့် မိမိတို့ကိုယ်တိုင် ကိုယ်ကျပဲ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဆေင်ရွက်ရန်ပင် ဖြစ်သည်။

ယခုအချိန်သည် ဦးဆောင်ရမည့် အချိန်ဖြစ်သည်။ သင့်အနေဖြင့်လည်း အပြောင်းအလဲကို ဖန်တီးနိုင်ပြီး စံပြပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဦးဆောင်ပေးနိုင်သည့် နေရာတစ်ခုတွင် ဆက်ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် နှစ်များစွာအတွင်းမှာလည်း သင့်အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း အမျိုးသမီး (နှင့် အမျိုးသား) များအတွက် ယင်း စံနမူနာကို သတ်မှတ်ပြဌာန်းပေးထားပြီး ဖြစ်သည်။ မဆုတ်မနစ်ကြိုးပမ်းမှု ဇွဲလုံ့လနှင့် ခေါင်းဆောင်နိုင်မှုတို့က မည်ကဲ့သို့ အောင်မြင်နိုင်သလဲ ဆိုသည်နှင့် သင် ထားရှိသည့် ဥပမာနမူနာများက သင့်အပေါ်ထောက်ခံသူများကို မည်ကဲ့သို့ အားပေးရာ ရောက်သည်ဆိုသည်နှင့်ပတ်သက်၍ သင့်ဘက်က ပြသပေးထားပြီး ဖြစ်သည်။

ယနေ့အချိန်အခါတွင်လည်း ရန်ကုန်မြို့တွင်း၊ ကချင်တောင်တန်းဒေသများ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ချင်းတောင်တန်းများ၊ ရခိုင်ပြည်နယ် နှင့် မြန်မာ နယ်စပ်များ၏ ပြင်ပ စသည့် နေရာဒေသအစုံတွင် ရှိနေကြသူ အမျိုးသမီးများကို ၎င်းတို့ ကိုယ့်ကြမ္မာကို ကိုယ့်လက်နဲ့ ဖန်တီးနိုင်စွမ်းရှိနေကြောင်း ပြသပေးနိုင်သည့် စွမ်းအား သင့်ထံတွင် ရှိနေသည်။ အမျိုးသမီးများ ၎င်းတု့ိ၏ လူ့အဖွဲ့အစည်းအတွင်း အမျိုးသားများနှင့် တန်းတူညီတူမရှိသည့် နေရာတစ်ခုကိုသာ လက်ခံရရှိနေခြင်းမျိုး နောင်တွင် မရှိတော့အောင်နှင့် ကျားမ အခြေခံ အကြမ်းဖက်ခံမှုများ နောက် ထပ်မံမကြုံတွေ့နိုင်တော့မည့် မြန်မာနိုင်ငံအဖြစ် ဖန်တီးရမည်ဖြစ်သည်။ သင် ဦးဆောင်ရာနောက်သို့ ဒီနိုင်ငံအနေဖြင့် လိုက်ပါမည်ဖြစ်သည်။

ယခုအချိန်သည် အားလုံး လက်ချင်းတွဲကြရမည်အချိန်ဖြစ်သည်။  မြန်မာနိုင်ငံက အမျိုးသမီးအခွင့်အရေးကို မြှင့်တင်အားပေးရေးအတွက် လက်တွဲဖော် ပူးပေါင်းဘက်တစ်ဦးအနေဖြင့် နယ်သာလန်ကလည်း ပါဝင်ရန် ဆန္ဒရှိသည်။ အမျိုးသမီးအခွင့်အရေး တိုးမြှင့်ရေး ဆောင်ရွက်နေသည့် ပြည်တွင်းလက်တွဲဖော် အများအပြားနှင့်အတူ မိမိတု့ိ အတူလက်တွဲလုပ်ဆောင်နေသည်။ မြန်မာနိုင်ငံထံသို့ တစ်ခုခု ကမ်းလှမ်းပေးသွားမည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် SheDecides ကနေတဆင့်လည်း မိမိတို့ လုပ်ဆောင်နေသည်။

ယခုအချိန်သည် စိတ်ခွန်အားလှုံ့ဆော်ပေးရမည့်အချိန်ဖြစ်သည်။ မြန်မာနိုင်ငံမှ မဆုဆုမွန် အမည်ရ လူငယ် ဓာတ်ပုံဆရာမတစ်ဦးကလည်း မိမိကို အံ့အားသင့်စေခဲ့သည်။ သူမသည် အခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ပြီး သူမဘဝကို ကိုယ်တိုင်ဦးဆောင် ဖြတ်သန်းနေသူဖြစ်သည်။ ပြီးခဲ့သည့်လက ရန်ကုန်ဓာတ်ပုံပြပွဲတွင် "emerging photographer" ခေါင်းစဉ်ဖြင့် သူမ ဆုရခဲ့သည်။ "ကျွန်မ လုပ်နိုင်တယ်" ဆိုသည်မှာ တစ်ကမ္ဘာလုံးကို သူမ ပေးခဲ့သည့် မက်ဆေ့ချ်ဖြစ်သည်။ ရလာသည့် အခွင့်အလမ်းနှင့် အခွင့်အရေး ကိုအသုံးချကာ သူမ တတ်စွမ်းသမျှ စိတ်နှစ်ကိုယ်နှစ် လုပ်ပြနိုင်ကြောင်းကို သူမ ပြသနိုင်ခဲ့သည်။ အမျိုးသမီးများအပေါ် ကာကွယ်ပေးပြီး စွမ်းဆောင်နိုင်စွမ်းရှိအောင်၊ စိတ်ခွန်အားလှုံ့ဆော်ပေးမည်ဆိုပါက အကန့်အသတ်မရှိ ဖြစ်နိုင်ဖွယ်အလားအလာကောင်းများ ပေါ်ထွက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သူမက မြန်မာအမျိုးသမီးများကို ပြသပေးနိုင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်ပါ။ သင်လည်းပဲ စိတ်ဓာတ်ခွန်အားတက်ကြွလာမည်ဟု မိမိ အခိုင်အမာ ဆိုနိုင်သည်။

# အချိန်ကျပါပြီ

Wouter Jurgens

မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required