လီဒေါင်ဝပ်ခ်နှင့် ဆူဇီတို့ ချစ်သူများဖြစ်နေပြီဟု အတည်ပြု

လီဒေါင်ဝပ်ခ်နှင့် ဆူဇီတို့ ချစ်သူများဖြစ်နေပြီဟု အတည်ပြု

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသားကြီး လီဒေါင်ဝပ်ခ်နှင့် အဆိုတော်နှင့်မင်းသမီးဖြစ်သူ ဆူဇီတို့သည် ချစ်သူများအဖြစ် လက်တွဲနေကြပြီဟု လီဒေါင်ဝပ်ခ်၏အေဂျင်စီက သောကြာနေ့တွင် အတည်ပြုပေးခဲ့သည်။

“သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိ လာပြီးတဲ့နောက်မှာတော့ မိတ်ဆွေဆက်ဆံရေးကနေ ချစ်သူများအဖြစ်သို့ ကူးပြောင်းသွားခဲ့ပါတယ်။ သူတို့ရဲ့ အကြောင်းကို အခုမှစပြီးသတိထားမိတာဆိုတော့ အများကြီးတော့မပြောနိုင်သေးပါဘူး” ဟု Starship Entertainment က အတည်ပြုပြောဆိုခဲ့သည်။

အသက် ၃၆နှစ်အရွယ် လီဒေါင်ဝပ်ခ်သည် လွန်ခဲ့သော ၁၉၉၉ နှစ်ကတည်းကစတင်၍ သရုပ်ဆောင်လောကသို့ အခြေချခဲ့သူဖြစ်ပြီး tvN မှ လွန်ခဲ့သော ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်ကြားတွင် ထုတ်လွှင့်ခဲ့သော "Guardian: The Lonely and Great God" ဆိုသည့် နာမည်ကြီးဒရာမာဇာတ်လမ်းတွဲနှင့်အတူ အာရှတစ်ဝန်း၌ အောင်မြင်မှုများ ရရှိခဲ့သည်။ ဒါ့အပြင်သူသည် နာမည်ကြီးဒရာမာဇာတ်လမ်းတွဲများစွာ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ ဆူဇီသည် အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ Miss A နှင့် အတူ လူသိများလာခဲ့ပြီး နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ဒါ့အပြင် သူမသည် မကြာသေးခင်ကလည်း "While You Were Sleeping" ဆိုသော ဒရာမာဇာတ်လမ်းတွဲ၌ ပါဝင် သရုပ်ဆောင်ခဲ့သလို တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်ကိုလည်း မကြာခင်က ထွက်ရှိထားသည်။

သူတို့နှစ်ဦး၏ အချစ်ရေးသတင်းသည် တောင်ကိုရီးယား၌သာမက အာရှနိုင်ငံများစွာ၌လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ကြောင်း သိရသည်။

Ref: Yonhap

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly