ရန်ကုန်တိုင်းအစိုးရထံ မြေယာအငြင်းပွားမှု တိုင်ကြားစာ ၉၀၀ နီးပါးရောက်ရှိ

ရန်ကုန်တိုင်းအစိုးရထံ မြေယာအငြင်းပွားမှု တိုင်ကြားစာ ၉၀၀ နီးပါးရောက်ရှိ
ဓာတ်ပုံ - နော်ပန်းသဉ္ဇာမျိုး facebook

ရန်ကုန် ၊ မတ် ၈ ။            ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ မြေယာအငြင်းပွားမှု တိုင်ကြားစာပေါင်း ၈၉၁ စောင် ရောက်ရှိခဲ့ပြီး ၁၄၆ စောင်အား ဖြေရှင်းပြီး ဖြစ်သည်ဟု  သိရသည်။

ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၁) ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"တိုင်ကြားစာအနေဖြင့် မြေယာအမှုအခင်းပေါင်း (၈၉၁)စောင်ရှိပြီး ဖြေရှင်းပြီး ၁၄၆ စောင် နှင့် ကျန်ရှိနေသည့် တိုင်ကြားစာပေါင်း ၇၄၅ စောင် ဖြစ်ပါတယ်" ဟု ၎င်းက လွှတ်တော်တွင် ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ သိမ်းဆည်းခြင်းနှင့် ပတ်သက်ပြီး အမှုတွဲပေါင်း သောင်း တစ်ထောင်ကျော် ရှိနေသည်ဟုလည်း ၎င်းက ဆက်လက်ဖြေဆိုခဲ့သည်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူခဲ့တဲ့နေ့မှ ဒီနေ့အချိန်ထိ ပြည်သူများထံမှ မကျေနပ်ချက် တိုင်ကြားစာများ စောင်ရေမည်မျှ လက်ခံရရှိခဲ့ပြီးကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ပြီးတဲ့ တိုင်ကြားချက်တွေဟာ မည်မျှ ရှိသည်ကို သိရှိလိုပါတယ်" ဟု ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်၌ မေးမြန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူခဲ့သည့်နေ့မှ ယနေ့အချိန်ထိ ပြည်သူများမှ တိုင်ကြား သည့် တိုင်ကြားစာ စာရင်းများမှာ တိုင်ကြားစာစုစုပေါင်း ၂၂၃၇ ခု၊ ဖြေရှင်းဆောင်ရွက်ပြီး အမှုတွဲပေါင်း ၁၂၄၁ ခု၊ ကျန်ရှိနေသည့် အမှုတွဲပေါင်း ၉၉၆ ခု နှင့် တစ်လလျှင် ပျမ်းမျှ တိုင်ကြားစာအစောင်ရေ(၁၀၀)ခန့် ရှိသည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

ယင်းအပြင် ပြည်သူများ၏ တိုင်ကြားစာများ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအား အရေးယူ ဆောင်ရွက်ခဲ့သည့် အရေအတွက်မှာ (၇)ခု ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required