တရားရုံးမှ အကျဉ်းထောင်သို့ ပြန်ပို့စဉ် ထွက်ပြေးခဲ့သည့် အကျဉ်းသား ၂ ဦး ပြန်ဖမ်းမိ

တရားရုံးမှ အကျဉ်းထောင်သို့ ပြန်ပို့စဉ် ထွက်ပြေးခဲ့သည့် အကျဉ်းသား ၂ ဦး ပြန်ဖမ်းမိ
ဓာတ်ပုံ - မင်းမင်း

 

နေပြည်တာ်၊ မတ်လ ၇ ။                  ။ ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီး နေပြည်တော်အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်စဉ် အမှုရင်ဆိုင်နေသော ထွက်ပြေးလွတ်မြောက်ခဲ့သည့် အကျဉ်းသား နှစ်ဦးကို မတ်လ ၆ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းမိခဲ့သည်။

 “ညနေ ၅ နာရီ ၄၀လောက်မှာ ဖမ်းမိတာဗျ။ အဲ့ဒီနေပြည်တော် အကျဉ်းထောင်ရဲ့ ဘေးအပေါက်၀ ချုံပုတ်ထဲ ကပေါ့ ။ အဲ့ဒီထဲမှာ ဝပ်နေတာ” ဟု ဇဗ္ဗူသီရိမြို့နယ် အမှတ်(၇) မြို့မ ရဲစခန်းမှူး ရဲအုပ်တင်သိန်းက မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ အေလာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဟန်ဝင်းအောင် ဦးဆောင်သော အဖွဲ့မှ ဇဗ္ဗူသီရိ မြို့နယ် နေပြည်တော် အကျဉ်းထောင်သို့ ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီး အကျဉ်းသားများကို ပြန်လည်ပို့ဆောင်စဉ် အကျဉ်းထောင် တံခါးမကြီးရှေ့ အရောက်တွင် အချုပ်ယာဉ်ပေါ်မှ အချုပ်သားများဆင်းရာတွင် အဆိုပါ တရားခံနှစ်ဦးသည် မတ်လ ၅ ရက်နေ့ ၊ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရားခံနှစ်ဦးအနက်တစ်ဦးသည် လူသတ်တရားခံတစ်ဦးဖြစ်ပြီး ကိုဝင်း(ခ)သူရ (၃၆)နှစ် (ဘ) ဦးလှရွှေ၊ ကျည်ထောင်ကန်ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ ပုဗ္ဗသီရိ မြို့နယ်နေသူဖြစ်သည်။ အခြားတစ်ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသော ငြိမ်းချမ်း(၂၄)နှစ်၊ (ဘ) ဦးအုန်းသောင်း ၊ နန်းစကဲရွာ၊ ထိန်ပင် အုပ်စု၊ ပင်လောင်းမြို့၊ ရှမ်းပြည်နယ် နေသူ တို့ ဖြစ်ကြသည်။

 “ကျွန်တော်တို့သူတို့ကို မနေ့ညကပဲ အမှုဖွင့်ထားတယ်လေ။ ကျွန်တော်တို့က ထွက်ပြေးတဲ့ အတွက် ဖွင့်ထားတာပေ့ါ။ သူတို့ အရင်အမှုတွေနဲ့ တရားရုံးမှာ ရင်ဆိုင်နေတာ အဲ့ဒီလို တရားရုံးမှာ ရင်ဆိုင်နေတာ ကနေပြီးတော့ ထွက်ပြေးလို့ပေါ့။ ပုဒ်မ ၂၂၄ ပေါ့” ဖြင့် ထပ်မံ အမှုဖွင့် အရေးယူထားသည်ဟု စခန်းမှူး ရဲအုပ်တင်သိန်းကပြောသည်။

ယခုလက်ရှိတွင် အဆိုပါတရားခံများကို ယခင်တရားရင်ဆိုင်နေရသည့် ပုဒ်မများအပြင် ပုဒ်မ ၂၂၄ ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly