သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီအမှု ပြန်ခေါ်သက်သေ ၂၁ ဦးထိ စစ်ဆေးပြီးစီး

သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီအမှု ပြန်ခေါ်သက်သေ ၂၁ ဦးထိ စစ်ဆေးပြီးစီး

 

ရန်ကုန်၊ မတ်လ ၈ ။         ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် တရားလွှတ် တော်ရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၈ ရက်နေ့ ရုံးချိန်းထိ ပြန်ခေါ်သက်သေ ၂၁ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။

ယနေ့ မတ်လ ၈ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်းအပါအဝင် အောင် ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ၄၇ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေများဖြစ်သည့် ဦးဇော်ဇော်လွင်၊ ဦးခိုင်ပွားထူး၊ အောင်ပိုင်ဖြိုး၊ မသဇင်ထွေး(ခ) သိန်းသိန်းထွေးနှင့် ဒုရဲအုပ် ဇော်လတ်တို့ ၅ ဦးကို စစ်ဆေးခဲ့ ကြောင်း သိရသည်။

“ အကြောင်းအရာကတော့ ဒီ CCTV မှတ်တမ်းမှာ တွေ့ရှိရတဲ့ အချက်အလက်တွေကိုပဲ ပြောနေတာပါ။ သိပ် မကွာပါဘူး။ ဒီလောက်ကြီးထူးခြားတဲ့ဟာပါမလာဘူး။ အဲ့ဒီတော့ ဒီကနေ့ကတော့ ပြန်ခေါ်သက်သေ စုစုပေါင်း ၂၁ ယောက်ပြီးစီးသွားပြီ။ ၃၇ ယောက်တင်ထားတာဆိုတော့ ၁၆ ယောက်ကျန်တယ်။ အပြီးသတ်ဖို့က လိုပါ သေးတယ်။ မနက်ဖြန်ရုံးချိန်းမှာတော့ ဘယ်နှစ်ယောက်လာမလဲမသိဘူးပေါ့နော်။ အဲ့ဒါပြီးတော့မှ တရားခံပိုင်းကို စစ်မှာပါ”ဟု အငှားယာဉ်မောင်း ကိုနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ကျန်ရှိသည့် ပြန်ခေါ်သက်သေများကို စစ်ဆေးရန်အတွက် ခရိုင်တရားရုံးမှ လာမည့် မတ်လ ၈ ရက်နေ့ကို ချိန်းဆိုထားသည်။

ယနေ့ ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ဇေယျာဖြိုးက ၎င်းနှင့်ပတ် သက်ပြီး ထွက်ဆိုခဲ့သည့် အချက်အလက် တစ်ခုမှ မရှိဟု တရားရုံးမှ အထွက်တွင် ပြောဆိုခဲ့သည်။

“ တရားလိုတွေ ကျွန်တော်နဲ့ ပတ်သက်ပြီးတော့ ဘာမှ ထွက်ဆိုချက်မရှိဘူးဗျ။ ကျွန်တော်ရှေ့နေက တစ်ခုမှကို ထမေးစရာမလိုဘူး။ ဘာမှလည်းမရှိဘူး”ဟု ဇေယျာဖြိုးက ပြောဆိုခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ရုံးချိန်းတွင် တရားသူကြီးက ရှေ့နေဦးကိုနီ အား ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦးကို သေဒဏ်ထိချမှတ်နိုင်သည့် တင်ကူး ကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ ဖြင့် စွဲချက်တင်အမိန့်ချခဲ့သည်။

အောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရုံးချိန်းတွင် ကျပ်သိန်း ၅ဝဝ ဖြင့် ခရိုင်တရားရုံးမှ အာမခံပေးခဲ့သည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက သေနတ်ဖြင့် လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required