ရန်ကုန်တိုင်းအတွင်း တရားမဝင်ငါးကန်များကို အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းနေ

ရန်ကုန်တိုင်းအတွင်း တရားမဝင်ငါးကန်များကို အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းနေ

 

မတ်လ ၈ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးကန်ဧက ထက်ဝက်ခန့်မှာ တရားမဝင် ဥပဒေချိုးဖောက်တူးဖော်ထားသည့် ငါးကန်များဖြစ်ပြီး အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယမန်နေ့ မတ်လ ၇ ရက်က ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးကန်ဧရိယာပေါင်း ဧက ၈ သောင်းနီးပါးခန့်တွင် ဧက ၄ သောင်းသာ တရားဝင်ဆောင်ရွက်နေသည့် ငါးကန်များဖြစ်ကြောင်း သိရသည်။

" ရန်ကုန်မှာ ငါးကန်ပေါင်း ဧက ၈ သောင်းလောက်ရှိပါတယ်၊ တရားဝင်ဖြစ်နေတာက ၄သောင်းလောက်ပဲရှိ တယ်။ ကျန်တဲ့ ၄ သောင်းလောက်က တရားဝင် ငါးကန်အဖြစ်နဲ့ ဖြစ်ဖို့အတွက် စိစစ်နေပါတယ်။ သို့သော် ဥပဒေကို ချိုးဖောက်ပြီးတော့ ငါးကန်ဖြစ်အောင် တူးလိုက်မယ်၊ ပြီးမှပဲ ကြည့်ပြီးဖြေရှင်းကြတာပေါ့ နည်းလမ်း တွေနဲ့ ဆောင်ရွက်နေမှုတွေကို ဥပဒေနဲ့အညီ  အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးအရ အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး လယ်/ဆည်ကနေပြီးတော့ မြေယာကို သုံးစွဲနေမှုနှင့် ပတ်သက်ပြီးတော့ ၂၀၁၂ လယ်ယာ မြေဥပဒေမှာဆိုရင် လယ်ယာမြေကို အခြားနည်းလမ်းသုံးစွဲခွင့်မရဘဲနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒဏ်ကြေးကော၊ ထောင်ဒဏ်ရော ချနိုင်တဲ့ အခြေအနေရှိ တယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယင်းကဲ့သို့ ဒဏ်ကြေး၊ ထောင်ဒဏ်များ ချမှတ်ပြီးပါက ယင်းမြေကွက်အား လယ်မြေအဖြစ် ပြန်လည်သတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

ငါးလုပ်ငန်းကဏ္ဍသည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့်ကဏ္ဍတစ်ခုဖြစ် သည့်အတွက် တွံတေးမြို့နယ်အတွင်း မြေဧကတစ်သောင်းနီးပါးအား ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။

"ငါးလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် ဧကတစ်သောင်းလောက်ကို တွံတေးဘက်မှာ ပရောဂျက်တစ်ခု လုပ်ဖို့ အတွက် ပြင်ဆင်နေပါတယ်၊ ငါးလုပ်ငန်းဟာ မွေးမြူရေးကာလကနေ သုံးနှစ်လောက်အတွင်းမှာပဲ တိုင်းပြည်ရဲ့ ဂျီဒီပီကို များစွာတိုးတက်စေနိုင်ပြီး အလုပ်ကိုင်အခွင့်လမ်းတွေကိုလည်း များစွာပေးနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါ တယ်၊ ဒီနေရာမှာငါးနဲ့ပုစွန်မှာတော့ ပုစွန်ကပိုပြီးတော့အခွင့်လမ်းရှိပါတယ်၊ငါးလုပ်ငန်းနယ်ပယ်မှာ အခုမွေးမြူ နေတဲ့ စနစ်ကိုလည်း ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ပြည်တွင်းငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်ရှိဆောင်ရွက်နေသည့် သမရိုးကျမွေးမြူသည့်စနစ်အစား Supply Change တစ်ခုလုံးအား  ပြောင်းလဲဆောင်ရွက်မှုကို ရန်ကုန်တိုင်းတွင် စံပြအနေဖြင့် ဆောင်ရွက်သွား ရန် စီစဉ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly