အငြင်းပွားဖွယ် ငြိမ်းစုစီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု

.

ငြိမ်းစုစီ ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 

အငြင်းပွားဖွယ် ပြင်ဆင်ချက်များကြောင့် ကန့်ကွက်မှုများ ကြုံတွေ့နေရသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်တွင် ယနေ့ အတည်ပြုလိုက်သည်။

ယင်းဥပဒေကြမ်းကို အတည်ပြုရန် သင့်၊ မသင့် စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ ၁၁၃မဲ၊ ကန့်ကွက် ၇၈မဲ ရရှိရာ ထောက်ခံမဲများသည့်အတွက် ယင်းဥပဒေကြမ်းကို အတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုဥပဒေကြမ်းကို လွှတ်တော်အမတ် ၁၃ဦးက ဆွေးနွေးကြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်အမတ်များကပင် ကန့်ကွက်မှုများရှိသည့်အတွက် လွှတ်တော်အစည်းအဝေးကို ရပ်နားပြီး ထိုအမတ် ၁၃ဦးကို ဥပဒေကြမ်းကော်မတီက ခေါ်ယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း မဲခွဲပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်အမတ် ၆ဦးက အတည်မပြုရန် ဆွေးနွေးခဲ့ကြပြီး ကျန် လွှတ်တော်အမတ် ၇ဦးကလည်း ဥပဒေကြမ်းအပေါ် အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

တစ်ဖက်တွင်လည်း ယင်းဥပဒေကြမ်းအား ပယ်ဖျက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းပေါင်း (၂၃၀)က ကြေငြာချက် ထုတ်ပြန်ထားသလို ကန့်ကွက်ဆန္ဒပြမှုများလည်း ရှိနေသည်။

ယင်းဥပဒေကြမ်းအား အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမတ်ဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်း၏ ရည်ရွယ်ချက်နှင့် ကြောင်းကျိုးဖော်ပြချက်တွင် “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို သိလျက်နှင့် တမင်အဖျက်အမှောင့်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန်” ဟူ၍ ဖော်ပြထားသည်။

ဥပဒေကြမ်းအရဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများသည် ပြုလုပ်မည့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သူဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင် အသိပေးရမည် ဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၁၈တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကာင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းတို့ကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို  ထောင်ဒဏ် (၂)နှစ် ချမှတ်နိုင်သည်” ဟူ၍ ဖြည့်စွက်ထားသည်။

အတည်ပြုလိုက်သည့် ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးကြဦးမည်ဖြစ်သည်။