ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး စစ်တိုင်းမှူးတစ်ဦး တာဝန်ကနေ ရပ်စဲခံရ

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး စစ်တိုင်းမှူးတစ်ဦး တာဝန်ကနေ ရပ်စဲခံရ

ရန်ကုန် ၊ မတ် ၇ ။            ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အရေးကိစ္စများနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား တာဝန်မှ ရပ်နားခဲ့သည်ဟု တပ်မတော်ဘက်မှ ယမန်နေ့ မတ်လ ၆ ရက်နေ့ ညက သတင်းထုတ်ပြန်ခဲ့သည်။

"ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များတွင် အားနည်းချက်များရှိနေသဖြင့် တာဝန် ဆက်လက် ထမ်းဆောင်ခွင့်ကိုရပ်နားခဲ့ပါသည်" ဟု တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်မှ ရပ်နားခံခဲ့ရသော်လည်း အဆိုပါ တိုင်းမှူးအား တပ်မတော်မှ ရပ်နားခြင်းမဟုတ်ကြောင်း ၊ တိုင်းမှူးတာဝန်မှသာ ရပ်နားခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ် ထွန်းထွန်းညီက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"တိုင်းမှူးတာဝန်ကနေ ရပ်နားတာပါ။ သူအခု လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တိုင်းကနေ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတာဝန်ကနေ တာဝန်ရပ်စဲတာပါ" ဟု ၎င်းကဆိုသည်။

တာဝန်မှ ရပ်စဲခံရသည့် တိုင်းမှူး၏ နာမည်အား ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ရခိုင်ပြည်နယ်အရေးကိစ္စများ ဖြစ်ပေါ်ချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မောင်မောင်စိုးက တာဝန်ယူထားသည်။

တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် အရာရှိစစ်သည် ၇ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို လည်း တည်ဆဲဥပဒေများဖြင့် အရေးယူအပြစ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းသို့ ဆောင်ရွက်နေသည့် ကြားမှ တပ်မတော်၏ မူဝါဒမဟုတ်သည့်  တစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှု အမှားများအား ပုံကြီးချဲ့ကာ တပ်မတော်တစ်ရပ်လုံး ကျူးလွန်နေသယောင် စွပ်စွဲထားသည်ကိုလည်း တွေ့ရသည် ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ICC ပြစ်မှုဆိုင်ရာနိုင်ငံတကာ ရုံးတွင်  အရေးယူနိုင်ရေးအတွက် ဗြိတိန်လွှတ်တော်အမတ် တစ်ရာကျော်မှ ဗြိတိန်အစိုးရကို   ဖေဖော်ဝါရီလကုန်ပိုင်းက ဖိအားပေးခဲ့ပြီးနောက် တပ်မတော်ဘက်မှ ယခုလို ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly