သံဓာတ်နဲ့ ကျန်းမာရေး ( ၂ )

သံဓာတ်နဲ့ ကျန်းမာရေး ( ၂ )

 

သံဓာတ်ဆိုတာမွေးကင်းစ နို့စို့ကလေးအရွယ်ကစလို့ လိုအပ်တာဖြစ်ပါတယ် ။ မွေးပြီးပထမခြောက်လ က မိခင်နို့ရည်ကလွဲရင် ဘာမှမကျွေးရဘဲ မိခင်နို့ရည်ထဲမှာ ကလေးတစ်ယောက် လိုအပ်တဲ့ဓာတ်တွေ အကုန်လုံးပါသွားပါတယ်။ လိုအပ်တဲ့ဓာတ်တွေအကုန်လုံးကလည်း မိခင်နို့ရည်ထဲကပဲ ရတာဖြစ်ပါ တယ်။ ဒါကြောင့်အဲဒီအချိန်မှာ မိခင်က အင်မတန်မှ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ အသားဓာတ် ရော ၊သံဓာတ်ရော ၊အိုင်အိုဒင်းဓာတ်ရော ၊ဗီတာမင်အေစသည် အကုန်လုံး အမေတစ်ယောက်အနေနဲ့ ပြည့်စုံနေပါမှ သူ့ဆီကထွက်လာတဲ့ နို့ရည်က အင်မတန်မှ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာတဲ့နို့ရည် ကိုရမှာဖြစ်ပါတယ်။ မိခင်လည်းကျန်းမာ ပြီး အဲဒီကလေးက ၆ လမှာ မိခင်နို့ပဲစို့ရပေမယ့်  အရမ်း ကျန်းမာပါတယ်။ အဲဒီခြောက်လပြီးသွားတော့ နောက်ထပ် ၂ နှစ်အထိမှာ မိခင်နို့ရည်ကိုပဲ ကလေးကို ဆက်စို့စေပြီး ဖြည့်စွက်အစာကို စပြီးတော့ကျွေးရပါတယ်။ အဲဒီလိုကျွေးတဲ့အချိန်မှာလည်း ကန်စွန်းဥ တို့ မုန်လာဥနီတို့ ဖရုံသီးတို့ ပြောင်းတို့လိုမျိုး သဘာဝထွက်တဲ့ အသီးအနှံ့တွေကို အမှုန့်လုပ်ပြီးတော့ ပူတင်းလို ကျွေးနေရင် အဲဒီကလေးဟာ၂ နှစ်အတွင်းမှာ အင်မတန်လိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ မိခင်နို့ရည်ရယ် ထပ်ဖြည့်ကျွေးတဲ့အစားအစာရယ် တွေကြောင့် ကလေးမှာ အရေးကြီးတဲ့ အာဟာရချို့တဲ့မှုမရှိတော့ဘဲ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက တကယ့် ကိုထိရောက်လာ ပါမယ် ။

အကယ်၍အထက်ဖော်ပြပါ အာဟာရကိုပြည့်ဝစွာမစားဘူး ၊ ဖြည့်စွက်အစာကိုလည်း မစားဘူးဆိုရင် ကလေးဟာ သူငယ်နာလိုမျိုးဖြစ်သွားပါမယ် ။နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ပုံမှန်မဟုတ် တော့ဘဲဖြစ်သွားပါလိမ့်မယ် ။ ကလေးရဲ့ကြီးထွားမှုကလည်း ပုံမှန်မဟုတ်တော့ဘဲ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ကလေးက ပုံမှန်မဟုတ်တော့သလို နောက်ဆက်တွဲ ဆိုးကျိုးတွေပါ ခံစားရနိုင်ပါ တယ် ။ ဒါကြောင့် အဲဒီ ရက်ပေါင်း ၁၀၀၀ မှာ ကလေးရဲ့ လိုအပ်တဲ့ အာဟာရကို ကျွေးနိုင်ရင် အဲဒီ ကလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အမြင့်ဆုံးကို ရောက် သွားတဲ့အတွက် ၊ တစ်ကမ္ဘာလုံးအနေနဲ့ အဲဒီ ရက် ၁၀၀၀ ကို ဦးစားပေးအဆင့်အနေနဲ့ ကလေးနဲ့ နို့တိုက်နေတဲ့ နို့တိုက်မိခင်တွေကို အာဟာရဓာတ်တွေ မချို့တဲ့အောင် ဘယ်လိုပြုမူနေထိုင် စားသောက်ဘို့ကို ပညာပေးနေရတာဖြစ်ပါတယ် ။

လုံလောက်တဲ့အာဟာရတွေကို တစ်နေ့တစ်နေ့ စားပါမှ သူ့ဘာသာသူ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေက ပြည့်စုံလာပြီး ဦးနှောက်ကို သတင်းပို့တာမြန်လာပါတယ်။ ကျန်တဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အမြင်အကြားအာရုံတွေ ၊လှုပ်ရှားမှုတွေ ၊အရိုးတွေ ၊အကြောတွေ ၊အသွေးတွေ ၊အသားတွေ အားလုံး သူ့ဟာနဲ့သူ အလုပ်လုပ်သွားကြတာဖြစ်ပါတယ် ။ ဒါကြောင့် အာဟာရနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် အာဟာရသည် လူတိုင်းလူတိုင်းရဲ့ဘဝမှာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ ပါတယ်။ အဲဒီ အာဟာရကို သင့်တင့်မျှတအောင် လုံလောက်အောင် မစားရင်တော့ နောက်ဆက်တွဲ ဖြစ်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆက်တိုက်ဖြစ်သွားမယ်ဆိုရင် ဆီးချိုရောဂါလိုမျိုး ပြီးရင် အဝလွန်တဲ့ရောဂါတွေဖြစ်လာပါမယ်။ အဝမလွန်ခင် ကိုယ်အလေးချိန်တွေ တက်လာမယ်။ နောက်ပြီး ကင်ဆာရောဂါတို့ ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတို့ ၊ ပြီးရင် အရိုးတွေ ကြွပ်ဆတ်ကုန်မယ် ၊ နောက်ဆုံး လူ့ဘဝကြီးပါ ဆုံးရှုံးသွားပါလိမ့်မယ်။ ဒီလိုရောဂါတွေကို ဖြစ်စေတဲ့ အန္တရာယ်ရှိတာတွေ အားလုံးဟာ  တစ်နေ့တစ်နေ့ စားနေသောက်နေတဲ့ အစားအသောက်တွေကို စနစ်တကျ အာဟာရ ပြည့်ဝအောင် စုံလင်အောင် မျှတအောင် မစားလို့ ဖြစ်တာလို့ သုတေသန စစ်ဆေးချက်တွေအရ တွေ့ရှိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၇ ဒဿမ ၅ ဘီလျံရဲ့ သန်း ၈၀၀ လောက်က စားသုံးပုံနည်းစနစ် မမှန် တဲ့အတွက် ကယ်လိုရီ မပြည့်ဝကြဘူး။ ကြက်ကြော်တွေပဲ စားမယ်ဆိုရင် ကြက်ကြော်ကရတဲ့ ကယ်လိုရီ က ခန္ဓာကိုယ်တစ်နေ့လုံးရမယ့် ၂၀၀၀ နဲ့ ညီမျှနေရပါမယ်။ ကယ်လိုရီ ၂၀၀၀ နဲ့ ၂၄၀၀ လောက် လုံလောက်အောင် မျှတအောင် စားတော့မှ အင်မတန်မှ ကျန်းမာသန်စွမ်းတဲ့ လူတွေ ဖြစ်လာပါမယ် ။ ကျောင်းသားတွေဆိုရင်လည်း သူတို့ ကျောင်းစာတွေကျက်တဲ့နေရာမှာ အဆင်ပြေ လာပါမယ်။ အာရုံစူးစိုက်မှုကောင်းလာမယ်။ ပုံမှန်အလုပ်လုပ်နေတဲ့ သူတွေဆိုရင်လည်း အမြင့်ဆုံး စွမ်းဆောင်နိုင်စွမ်းရှိလာပါတယ်။ ဒါကြောင့် အာဟာရကြီးနဲ့ စပ်ဆက်နေတာသည် ကျန်းမာရေးပဲဖြစ် ပါတယ် ။ ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ရောဂါတွေကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ သမားတော် လည်း မရှိပါဘူး။ ဆေးလည်းမရှိသလို ဆရာဝန်ဆိုတာလည်း မရှိပါဘူး။ ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်း အာမခံမပေးနိုင်ပါဘူး။ အားလုံးက စမ်းသပ်ပြီးတော့ ကုသနေကြရတာပဲဖြစ်ပါတယ် ။ နောက်ဆုံးတော့ ဆေးနဲ့လူနာနဲ့ မတည့်ရင် လူနာသည် ဘဝဆုံးရှုံးသွားရတဲ့အတွက် Sorry ပါလို့ ပြောတာကလွဲရင် ဘာမှမတတ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ခြင်းက အကောင်း ဆုံးဖြစ်တဲ့ အတွက် အသက်အရွယ်မရွေး ၊တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ် ၊မနက်စာ နေ့ခင်းစာ ညစာ စားသုံးမှု နည်းစနစ်တိုင်းမှာ မှန်ကန်အောင် စနစ်တကျ ဂရုတစိုက် စားသုံးသွားမယ်ဆိုရင် ဒီလိုရောဂါ တွေကို ကာကွယ်တဲ့ အကောင်းဆုံးနည်းစနစ်ပဲဖြစ်ပါတယ် ။

ကယ်ဆီယံဓာတ်များတဲ့ ငါးကို တစ်ပတ် နှစ်ကြိမ်စားရမယ်လို့ သုတေသန စစ်ဆေးချက်အရ တွေ့ရှိ ထားတာရှိပါတယ်။  မြန်မာပြည်ကလူတွေဟာ အသက်လေးဆယ်နောက်ပိုင်းဆိုရင် အရိုးနဲ့ပတ်သက် တဲ့ ရောဂါတွေ ဖြစ်တတ်ကြပါတယ်။ ကယ်ဆီယံ ချို့တဲ့ကြလို့ပဲဖြစ်ပါတယ် ။တချို့က နွားနို့သောက် တဲ့လူမျိုး မဟုတ်တော့ နွားနို့ ကိုမသောက်ကြဘူး။ နောက်ပြီး ကယ်ဆီယံပါတဲ့ ဟင်းသီးဟင်းရွက် တွေကို လုံလောက်အောင် မစားကြဘူး။ ဆန်တစ်မျိုးပဲ အဓိကစားကြတော့ ကာဗွန်ဟိုက်ဒရိတ်တွေ တော့ရပါတယ်။ အာဟာရဓာတ် ၅ မျိုး ဖြစ်တဲ့ အသားဓာတ်ရယ်၊ အဆီဓာတ်ရယ်၊ ဗီတာမင်တွေ စတာတွေက လိုနေသေးတဲ့အခါ ထမင်းကို ဗိုက် ပြည့်အောင်စားလိုက်တော့ ဟင်းသီးဟင်းရွက်တို့ ငါးတို့ ပဲမျိုးစုံတို့စားဖို့က နေရာလွတ်မရှိတော့ဘဲ  ကြာလာတော့ ရောဂါရပြီး ခန္ဓာကိုယ်က ချို့တဲ့လာ ပါတော့တယ် ။ မနက်စား ညစား တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ကိုယ့်အသက်ကြီးက ကြီးလာ တော့ ခန္ဓာကိုယ်မှာ ဒါတွေပဲ စုပုံလာပြီး လိုတာတွေ က လိုနေတော့ ၊ ခန္ဓာကိုယ်က ချို့တဲ့ တော့ အသက်လေးဆယ်နောက်ပိုင်းဆိုရင် ရောဂါတွေ များလာပါတော့တယ် ။ ရေရှည်ကိုကြည့် လိုက်ရင် တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုဆိုတာ လူတွေနဲ့ ကျန်းမာရေးက လုံးဝ တိုက်ရိုက်အချိုးကျနေပါ တယ်။ လူတွေ ကျန်းမာနေမှ စွမ်းဆောင်ရည်တွေက အမြင့်ဆုံးကို ရောက်မှာဖြစ်ပါတယ် ။ ဒါကြောင့် တိုင်းပြည်တိုးတက်အောင် ကြိုးစားနေတဲ့နေရာမှာ လူတွေရဲ့ ကျန်းမာရေး အတွက် အဓိက အခြေခံ ကျတဲ့ အာဟာရဆိုတာ တကယ်ကိုလိုအပ်တာပဲဖြစ်ပါတယ် ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး သုတေသန တွေ့ရှိချက်အရ အသက် ၅ နှစ်အောက်ကလေး တွေဟာ ၂၉ ရာခိုင်နှုန်း အရပ်ပုနေကြပါတယ်။ ၇ ရာခိုင်နှုန်းက ပိန်နေပါတယ်။ ၁၉ ရာခိုင်နှုန်းက ကိုယ်အလေးချိန်မပြည့်တဲ့ သေးသေးလေးတွေ ဖြစ်နေကြပါတယ်။ မြန်မာပြည်ကြီး တိုးတက်ဖို့ဆိုတာ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံး တိုးတက်ဖို့အတွက် ရှိတဲ့ လူဦးရေ သန်း ၆၀ နီးပါး ကိုကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့ တိုင်းပြည်က ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ သုတေသန တွေ့ရှိ ချက်အရ လူတစ်ယောက်ကို တစ်နေ့တာစားရမယ့် ကယ်လိုရီ ၂၀၀၀ နဲ့ ၂၄၀၀ ကြား ဖြစ်ပေမယ့် တိုင်းပြည်က ၂၆၀၀ ကျွေးနိုင်ပါတယ်။ တစ်နေ့မှာ လူတစ်ယောက်ကို ၂၆၀၀ ထိ ကျွေးုနိုင်ပါတယ်။ လိုတာမှ ၂၀၀၀ ပဲ လိုတာပါ၊ ၆၀၀ ပိုနေပါသေးတယ် ။ ပိုနေရဲ့သားနဲ့ သုံးစွဲပုံ စားသောက်ပုံ မမှန်တဲ့အ တွက် တစ်နေ့တစ်နေ့ လူတွေက ဆေးခန်းမှာ တန်းစီနေကြရပါတယ်။အရင်က စနစ်တကျ မစား သောက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ် ။

ဆန်စားတဲ့ တိုင်းပြည်ဆိုတော့ ထမင်း အရမ်းစားကြပါတယ်။ ထမင်းစားတော့ ထမင်းထဲမှာ ကာဗွန်ဟိုက်ဒရိတ် အများကြီးပါသွား ပါတယ်။ ဆန်ကို ဖွေးဆွတ်အောင် စက်က မချွတ်ဘဲနဲ့ ဆန်လုံးညို စားမယ်ဆိုရင်တော့ ဗိုက်တာမင် ဘီ ကွန်ပလက်စ် ဓာတ်က များများရပါတယ်။ ကာဗွန်ဟိုက်ဒရိုက်ထဲမှာ သကြားဓာတ်ဆိုတဲ့ ဂလူးကိုးလ်က ရှိပြီးသား ဆိုတော့ ထမင်းကို လိုတာထက်ပိုစားလေလေ ခန္ဓာကိုယ်က ပိုလာတဲ့ သကြားဓာတ် တွေ များလေလေ ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းရှိလေလေ ဖြစ်နေပါတယ် ။ စားသောက်နေတဲ့ ဟင်းတွေ မှာလည်း အချိုမှုန့် ထည့်စားတယ်။ အချို့မှုန့်က သကြားဓာတ်လည်း ပါတယ်။ ဆားဓာတ်လည်း ပါတယ်။ အခု နောက်ဆက်တွဲ ခေတ်စားလာတဲ့  ကြက်သားမှုန့်လို ဟာမျိုးတွေမှာ အချိုကဲတဲ့ ဓာတ်တွေလည်း ပါနေတယ်။ ငန်တဲ့ ဓာတ်လည်း ပါနေတယ်။ရောဂါတွေ ဝယ်ပြီးစားနေသလိုဖြစ်နေပါတယ် ။ သကြားဓာတ်က ထမင်းက လည်း ရမယ်။ လက်ဖက်ရည် ကော်ဖီသောက်တော့ နို့ဆီကလည်း သကြားဓာတ်ရမယ်။ ဘီစကွတ်လေးတွေ၊ ကိတ်မုန့် ပေါင်မုန့် သကြားတေ၊ွ ကြက်ဥတွေ ၊ထောပတ်တွေနဲ့ လုပ်ထားတဲ့ မုန့်တွေလည်းစားကြတော့ သကြား ဓာတ်စားသုံးမှုဟာ တစ်နေကုန် စားသုံးတဲ့ အစားသောက် အားလုံး ချရေးကြည့်လိုက်ပြီး ပြန်ပေါင်းကြည့်လိုက် ရင် သကြားဓာတ် စုစုပေါင်း တစ်နေ့ တစ်နေ့ကို လိုတာထက် ပိုစားနေတော့ ဆီးချိုရောဂါ ဖြစ်တော့တာပဲဖြစ်ပါ တယ် ။

 ဆီးချိုနှင့် ပတ်သက်ပြီးတော့ သုတေသန လုပ်ထားတာ အများကြီး ရှိပါတယ်။ သုတေသန အချက်အလက်အရ  မြန်မာပြည်မှာ အမျိုးသမီး ၁၅ နှစ် နှင့် ၄၉ နှစ် ကြား ၄၇ ရာခိုင်နှုန်းဟာ သံဓာတ်ချိုတဲ့ တဲ့ သွေးအားနည်းရောဂါ ခံစားနေကြရတယ်။ အဲဒီအထဲမှာ ၆ လစာ နို့တိုက်နေရတဲ့ ၅၁ရာခိုင်နှုန်းသော မိခင်တွေဟာ သံဓာတ်ချိုတဲ့တဲ့ သွေးအားနည်းရောဂါ ခံစားနေကြရတယ်။ ၆လပြီး ပုံမှန်နို့တိုက်သွားတဲ့ မိခင်တွေရဲ့ ၉၈ ရာခိုင်နှုန်းကလည်း အဲဒီရောဂါ ခံစားနေကြရတယ်။ နို့တိုက်နေတဲ့ မိခင်တစ်ယောက်မှာ ကိုယ်တိုင်လည်း ပြည့်ဝနေဖို့လိုပါတယ်။ ကိုယ့်ရဲ့ရင်သွေးငယ်လေးကို တိုက်နေတဲ့ နို့မှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နို့တွေ ဖြစ်ဖို့လည်းအရေးကြီး ပါတယ်။ ၆ လကနေ ၅နှစ်သား မြန်မာပြည်ရဲ့ ကလေးတွေရဲ့ ၅၈ ရာခိုင်နှုန်းက သွေးအားနည်းရောဂါ ဖြစ်နေ ကြပါတယ်။ ကလေး ၅ ယောက်ကို မေးလိုက်ရင် ၃ ယောက်မှာ သွေးအားနည်းရောဂါ ခံစားနေကြရတယ်။ သွေးအားနည်းရောဂါ ရှိနေပြီဆိုကတည်းက မူးနေမယ်။ အားမရှိတော့ဘူး။ ကျောင်းစာမလုပ်နိုင်တော့ဘူး။ မြန်မာတစ်ပြည်လုံးမှာ အသက် ၅နှစ်အောက် ကလေးပေါင်း ၄၅၉၂ ယောက်ကို စစ်ဆေးကြည့်လိုက်တော့ ၆ လသားကနေ ၂ နှစ်သားအရွယ် ကလေးတွေရဲ့ ၁၆ ရာခိုင်နှုန်းသာလျှင် တကယ်လိုအပ်တဲ့ အာဟာရဓာတ်ကို စားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။

လက်ဖက်ရည် တစ်ခွက် သောက်မယ့် အစား လတ်လတ်ဆတ်ဆတ် သံပုရာသီးလေး ဖျော်သောက်တာ ၊ လတ်လတ်ဆတ်ဆတ် ရှိတဲ့ သဘောၤသီးလေး ဖျော်သောက်တာ ၊ လတ်လတ်ဆတ်ဆတ်ရတဲ့ အသီးအရွက် တွေ အားလုံးက သကြားဓာတ်တွေ ပါပါတယ်။ နွားနို့သောက်မယ်ဆိုရင်လည်း နွားနို့မှာလည်း သကြားဓာတ်က ရနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သကြားဓာတ်က ထပ်ထည့်တဲ့ သကြားတွေ မဟုတ်ဘဲ ဆီးချိုရောဂါကိုတောင် ကာကွယ်ရာ ရောက်တာတွေ့ရပါတယ်။ ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် ကိုယ့်ရဲ့ အစားသောက်နဲ့ အများကြီးဆိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ကလေးတွေကို သံဓာတ်နဲ့ ဗီတာမင်တွေကို ဂရုတ စိုက် စနစ်တကျ ကျွေးဘို့ တိုက်တွန်းလိုက်ရပါတယ် ။      ။

အပိုင်း( ၁) အပြည့်အစုံ ဖတ်ရှုရန် - http://www.mizzimaburmese.com/article/37890

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly