မတည်ငွေ ကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သိန်း ၆၀၀၀ အောက်ရှိ တိရိစ္ဆာန်မွေးမြူထုတ်လုပ်ရောင်းချရေး လုပ်ငန်းများကို စိစစ်ခွင့်ပြုမည်

မတည်ငွေ ကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သိန်း ၆၀၀၀ အောက်ရှိ တိရိစ္ဆာန်မွေးမြူထုတ်လုပ်ရောင်းချရေး လုပ်ငန်းများကို စိစစ်ခွင့်ပြုမည်

 

ရန်ကုန်၊ မတ်လ ၆ ရက် ။                      မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅  သန်း (သို့) မြန်မာငွေ ကျပ်သိန်း ၆၀၀၀ အောက်ရှိ တိရိစ္ဆာန် မွေးမြူ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်များက စိစစ်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါလုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အတည်ပြုချက် ရယူပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရခြင်း ဖြစ်သည်။

ယခုအခါ MIC သို့ တင်ရန် မလိုဘဲ တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်များမှ စိစစ်ခွင့်ပြုပေးသွား တော့မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဆိုသည်။

" တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း  သက်ဆိုင်ရာတိုင်းဦးစီးမှုးတွေ၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးက အကြီးအကဲတွေ လည်း ရှိတယ်။ သက်ဆိုင်ရာ တိုင်းဦးစီးမှူးများရှိတော့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ မူဝါဒတွေကို အားလုံးသိပြီ းဖြစ်ပါတယ်။ ဒါကြောင့်မို့ ငါးသန်း၊ သိန်းခြောက်ထောင်အထက်ကိုပဲ ဝန်ကြီးဌာနရဲ့ အတည်ပြုချက်ယူပြီးတော့ လုပ်ဖို့ ကျန်တဲ့ အောက်က လုပ်ငန်းတွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ကနေ စိစစ်ခွင့်ပြုပြီးတော့ ဆောင်ရွက်နိုင်အောင် ဖြေလျှော့ပေးတဲ့လုပ်ငန်း ဖြစ်တဲ့အကြောင်း ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဆိုသည်။

ယမန်နေ့ မတ်လ ၅ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးသန်းအောင်ကျော်က ပြောခဲ့ခြင်းဖြစ်သည်။

 " ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်တဲ့အခါမှာ မွေးမြူရေးကဏ္ဍမှာလည်း ချေးငွေတွေ စီစဉ်သလို လွယ်လွယ်ကူကူနဲ့ မွေးမြူနိုင်အောင်၊ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက နိုင်ငံခြားကို  တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ် လုပ်ပြီး တင်ပို့နိုင်အောင် မွေးမြူရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်နေတယ်။ ဆောင်ရွက်တဲ့အခါမှာ ဒီရင်းနှီးမြှုပ်နှံမှု အမိန့်ကြော်ငြာစာ (၁၅/၂၀၁၆)မှာ ဒီမွေးမြူရေးလုပ်ငန်းတွေက ဝန်ကြီးဌာနအတည်ပြုချက်နဲ့ ဆောင်ရွက်မယ်ဆိုတော့ ဒေါ်လာငါးသန်းအောက်၊ သုံးသိန်းပဲလုပ်တာတို့  တစ်သန်းပဲ လုပ်တာတို့ အဲဒါတွေက လည်း မွေးမြူရေးဌာနကို သဘောထားယူယူနေရတဲ့ ကိစ္စတစ်ခုရှိလာတယ်။ နောက်တစ်ခုကတော့ အဲလိုသဘောထားယူရမယ်ဆိုရင် MIC မဖြစ်မနေတင်ရမယ်။ ဝန်ကြီးဌာန၊ သဘောထားယူရမယ့် လုပ်ငန်းဆိုရင် MIC ကပဲ ခွင့်ပြုရတယ်။ တိုင်းဒေသကြီးတွေမှာ တစ်ချို့ သိန်း ၃၊ ၄ ၊ ၅ ထောင်၊ ဒေါ်လာ သုံးသန်း ဒီလောက်နဲ့ လုပ်မယ့် လုပ်ငန်းတွေ ရှိလာရင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီတွေကလည်း လွယ်လွယ်ကူကူနဲ့ စိစစ်ပြီးခွင့်ပြုနိုင်အောင် ဖြေလျှော့လိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။"  ဟု ဦးသန်းအောင် ကျော်က ဆက်လက်ပြောသည်။

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တိရိစ္ဆာန်များ စီးပွားဖြစ်မွေးမြူထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်ထုတ်ပြန်ခြင်း ခေါင်းစဉ်ဖြင့် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၁၈) အား ဖေဖော်ဝါရီလ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူ ဆောင် ရွက်ရမည့် တိရိစ္ဆာန် စီးပွားဖြစ်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ မတည်ငွေရင်း အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း ၆၀၀၀ အထက်ရှိ သော တိရိစ္ဆာန်များ စီးပွားဖြစ် မွေးမြူထုတ်လုပ်ရောင်းချသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုသာ ဆိုလိုသည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly