ပြည်ပသို့ စပါးမှောင်ခိုတင်ပို့မှု တားမြစ်ပေးရန် ဆန်စပါးအသင်းချုပ် တောင်းဆို

ပြည်ပသို့ စပါးမှောင်ခိုတင်ပို့မှု တားမြစ်ပေးရန် ဆန်စပါးအသင်းချုပ် တောင်းဆို
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြည်ပသို့ စပါးမှောင်ခို တင်ပို့ရောင်းချမှုများကို အလေးအနက်တားမြစ်ပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့နိုင်ငံကနေ စပါးကို ပြည်ပကို မှောင်ခို တင်နေတယ်။ ဒါကို အလေးအနက် တားမြစ်ပေးဖို့ ကျွန်တော့အနေနဲ့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးချစ်ခိုင်က နေပြည်တော်တွင် ယနေ့ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့ရောင်းချရန် အစိုးရက ဆန်ကုန်သည်များအား တရားဝင်ခွင့်ပြုထားသော်လည်း စပါးတင်ပို့ရောင်းချမှုကို ခွင့်ပြုထားခြင်း မရှိပေ။

စပါးမှောင်ခိုတင်ပို့ရောင်းချမှုများသည် မြန်မာနိုင်ငံ အရှေ့ဘက်နှင့် အရှေ့မြောက်ဒေသ နယ်စပ်များသို့ အများဆုံးထွက်နေခြင်း ဖြစ်သည်။ စပါးမှောင်ခိုတင်ပို့မှုများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ကားတစ်စီးချင်းအလိုက် အသေးစိတ် မစစ်ဆေးနိုင်ခြင်းကြောင့် မှောင်ခို တင်ပို့မှုများ ပေါ်ပေါက်နေခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

“ဒါတွေ မဖြစ်အောင်ဆိုရင် ပုဂ္ဂလိကကဏ္ဍမှာ ဘယ်သူတွေက စပါးသယ်မယ်ဆိုတာ သိနေတာပဲ။ အဲဒါကို ရဲစခန်းကို အကြောင်းကြား လိုက်လို့ ရှိရင် နယ်စပ်ကနေပဲ ဖြစ်ဖြစ် တစ်နေရာကနေပဲ ဖြစ်ဖြစ် စောင့်ဖမ်းလိုက်ရင် မိသွားမှာပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ စပါးမှောင်ခိုတင်ပို့မှုသည် ငြိမ်းချမ်းမှုမရှိခြင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် မတူညီသော၊ မသင့်မြတ်သော အဖွဲ့အစည်းများ ရှိနေခြင်းတို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က မှတ်ချက်ပြုသည်။

“ကုန်သည်တွေကလည်း အကျိုးစီးပွားအတွက် ဒီလို လုပ်တဲ့သူတွေနဲ့ ပေါင်းပြီး သွင်းတဲ့အခါကျတော့ ဖမ်းရတာ ခက်တော့ ခက်တယ်။ နယ်ခြားဒေသမှာ အင်အားစုကြီး ရှိတယ်။ အစိုးရနဲ့ မသင့်မြတ်တဲ့ အင်အားစုတွေ ရှိတယ်။ သူတို့ အကျိုးစီးပွားအတွက် လုပ်တယ်။ တရား ဥပဒေစိုးမိုးရေးကလည်း မရှိ။ အချင်းချင်းကလည်း တိုက်ခိုက်နေတာဆိုတော့ ဒါတွေက မှောင်ခိုလုပ်ဖို့အတွက်ကို လမ်းကြောင်းတွေ ဖြစ်နေတယ်” ဟု  ဝန်ကြီးက ပြောသည်။

၄၆ပေါင်ကိုက် စပါးတင်း ၁၀၀လျှင် အခြေခံဈေးနှုန်းအဖြစ် ကျပ်ငါးသိန်းဖြင့် ဝယ်ယူရမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နေပြည်တော်တွင် ယနေ့ ကျင်းပသည့် မြမန်မာ့ဆန်းစပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲမှာ ထုတ်ပြန်ကြေငြာထားသည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း ငါးသိန်းထက် ကျော်လွန်နေလျှင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး အကယ်၍ ဈေးကွက်ပေါက်ဈေးက အခြေခံဈေးနှုန်းအောက် ကျဆင်းနေရင်ပါက အခြေခံဈေးအတိုင်း ဝယ်ယူရမည် ဖြစ်သည်။

လုပ်ကွက်ငယ် တောင်သူလယ်သမားများ အပါအဝင် တောင်သူလယ်သမားအများစု စိုက်ပျိုးသည့် သာမန် စပါးအမျိုးအစားများသည့် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိခြင်းကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တိုက်တွန်းချက်ဖြင့် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သတ်မှတ်လိုက်သည့် အခြေခံဈေးနှုန်းသည် ယခု ၂၀၁၈ခုနှစ်၊ နွေစပါးပေါ်ချိန်နှင့် မိုးစပါးပေါ်ချိန်တို့အတွက် အကျုံးဝင်မည်ဖြစ်ကာ ရာသီအလိုက် ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

ပေါ်ဆန်း၊ အထူးဧည့်မထအုပ်စု စသည့် တချို့ အဆင့်မြင့် စပါးအုပ်စုများသည် တင်း ၁၀၀ကို ကျပ်၇သိန်းကနေ ၁၀သိန်းကျော်အထိ ဈေးကောင်းရနေခြင်းကြောင့် ထိုစပါးများကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃သန်းကျော် တင်ပို့နိုင်ခဲ့ပြီး လာမည့် ၂၀၂၀ခုနှစ်တွင် တန်ချိန်ပေါင်း ၄သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly