ရန်ကုန်တွင် တစ်လအတွင်း အမှုပေါင်း ၁၄၃၃ မှု လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးရမိ

ရန်ကုန်တွင် တစ်လအတွင်း အမှုပေါင်း ၁၄၃၃ မှု လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးရမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ မတ်လ ၆ ။                       ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လင်းယုန်စီမံချက်ဖြင့် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီး ရမိခဲ့သည့် အမှုပေါင်းမှာ ၁၄၃၃ မှု အထိရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း ၁၄၃၃ မှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ဖမ်းဆီးရမိခဲ့သည့် ပမာဏဖြစ်ပြီး လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးထားသည့် ပမာဏအပြင် နေ့စဉ် ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသော အမှုများပါ ပါဝင်သည်။

လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးထားသော အမှုများမှာ မူးယစ်ဆေးဝါးဖြင့် အရေးယူမှု၊ လက်နက်အက်ဥပဒေ ပုဒ်မဖြင့်အရေးယူမှု၊ ရဲအက်ဥပဒေဖြင့် အရေးယူမှု၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမှု၊ ပြည့်တန်ဆာ အက် ဥပဒေဖြင့် အရေးယူမှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူမှု၊ လောင်းကစားဥပဒေဖြင့် အရေးယူမှု စသည့်ပြစ်မှုများဖြင့် အရေးယူထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိမှာ ကျွန်တော်တို့က အရှိန်မြှင့်ပြီး ဆောင်ရွက်နေတာပါ။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း ခရိုင် ၄ ခရိုင်ပူးပေါင်းပြီး မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ခိုးဆိုးလုနှိုက်၊ ဓားကိုင်တုတ်ကိုင် ရမ်းကားနေတဲ့ ကောင်တွေ အပါအဝင်ပေါ့ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတဲ့သူတွေ၊ ညဘက်မှာ အုပ်စုဖွဲ့ ရမ်းကားနေတဲ့ လူဆိုးလူမိုက် ကောင်တွေကို အဓိက ပစ်မှတ်ထားဆောင်ရွက်နေတာပါ။ ရန်ကုန်တိုင်းအဆင့် အစီအမံညွှန်ကြားချက်တွေနဲ့ ကျွန်တော်တို့ အင်အား တိုးချဲ့ပြီး အရှိန်မြှင့်ဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လင်းယုန်စီမံချက်ကို ထပ်မံ အင်အားတိုးမြှင့်ကာဆောင် ရွက်ရန် စီစဉ်နေပြီး ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် စီမံချက်ကိုလည်း မြို့နယ် ၄၄ မြို့အနက် ၂၅ မြို့နယ်တွင် လုံခြုံရေးပိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing) စီမံချက်ကို မြို့နယ် ၂၅ မြို့နယ်အပြင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်ရှိသည့် ၁၉ မြို့နယ်တွင်လည်း   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly