သံရုံးအသစ်ဖွင့်လှစ်ပွဲတက်ရောက်ရန် ဂျေရုစလမ်မြို့သို့ ခရီးထွက်ခွာမည့် ဒေါ်နယ်ထရမ့်

သံရုံးအသစ်ဖွင့်လှစ်ပွဲတက်ရောက်ရန် ဂျေရုစလမ်မြို့သို့ ခရီးထွက်ခွာမည့် ဒေါ်နယ်ထရမ့်

 

ဝါရှင်တန်၊ မတ် ၅ ။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လာမည့်မေလတွင်ပြုလုပ်မည့် အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံး တရားဝင်ဖွင့်လှစ်ပွဲသို့တက်ရောက်ရန်အတွက် ဂျေရုစလမ်မြို့သို့ ခရီးထွက်ခွာမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောဆိုခဲ့သည်။

“အဲ့ဒီကိုလာဖို့ ကျနော်တို့မျှော်လင့်ထားပါတယ်။ လာဖို့အဆင်ပြေတာနဲ့ ဖြစ်အောင်လာခဲ့ပါမယ်” ဟု ထရမ့်က အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ယာဟုနှင့်အတူ အိမ်ဖြူတော်၌ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။

သို့သော်လည်း သူ၏အစိုးရအဖွဲ့ကမူ ဂျေရုစလမ်တွင်ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားသို့ အမေရိကန် သံကိုယ်စားလှယ်အဖွဲ့နှင့် အကြံပေးအချို့ကိုသာ စေလွှတ်သွားလိုကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဂျေရုစလမ်မြို့၌ ဆောက်လုပ်နေဆဲဖြစ်သော အမေရိကန်သံရုံးအဆောက်အဦးအသစ်ကို လျင်လျင်မြန်မြန် အပြီးသတ်သွားနိုင်ဖို့ လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောခဲ့သည်။

“ပြီးခဲ့တဲ့အပတ်က ကျနော့်ရဲ့စားပွဲပေါ်ကို ဒေါ်လာတစ်ဘီလျံဒေါ်လာ တန်ကြေးှရှိတဲ့ အမိန့်စာတစ်ခုကို လာချ ထားခဲ့ပါတယ်။ ကျနော်က ဘာအတွက်လဲလို့ မေးခဲ့ပါတယ်။ သူတို့ပြောတာကတော့ သံရုံးတစ်ခုတည်ဆောက် နေပါတယ်တဲ့။ ကျနော်ကတော့ ဒီသံရုံးအတွက် တစ်ဘီလျံဒေါ်လာလောက် အသုံးပြုသွားမှာမဟုတ်ပဲ ဒေါ်လာ နှစ်သိန်းခွဲလောက်ပဲ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ထရမ့်က ပြောဆိုခဲ့သည်။

ဒါ့အပြင် ထရမ့်က အစ္စရေးတို့နှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးကို ယူဆောင်ပေးလိုသည့် သူ၏ဆန္ဒကို လည်း ဖွင့်ဟခဲ့သည်။ သို့သော်လည်း အမေရိကန်သံရုံးကို တယ်လ်အဗစ်မြို့မှ ဂျေရုစလမ်မြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည့် ထရမ့်သည် ငြိမ်းချမ်းရေးအစီအစဉ်တွင် ကြားဝင်ဖြေရှင်းပေးနိုင်မည့်သူမဟုတ်ကြောင်း ပါလက်စတိုင်းတို့က ယုံကြည်လျက်ရှိသည်။

ဆက်လက်ပြီး ထရမ့်က “ပါလက်စတိုင်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ချင်နေတယ်လို့ ကျနော်ယူဆပါ တယ်။ သူတို့မလိုချင်ဘူးဆိုရင်တော့ ခင်ဗျားတို့လည်း ငြိမ်းချမ်းရေးရမှာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နီတန်ယာဟုကမူ ဂျေရုစလမ်မြို့အား အစ္စရေးတို့၏မြို့တော်အဖြစ် သမိုင်းဝင်အသိအမှတ် ပြုပေးခဲ့သည့် ထရမ့်ကို ကျေးဇူးအထူးတင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags