NLD ပါတီနှင့် ခေါင်းဆောင်များအား မဟုတ်မမှန်ပြောခဲ့သူများအား မဖမ်းဆီးခြင်းသည် မတရားဟု ဆို

NLD ပါတီနှင့် ခေါင်းဆောင်များအား မဟုတ်မမှန်ပြောခဲ့သူများအား မဖမ်းဆီးခြင်းသည် မတရားဟု ဆို
ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအားကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း ဦးဆောင်၍ ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ သက်ကို

နေပြည်တော်၊ မတ်လ ၆ ရက် ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပါတီခေါင်းဆောင်များကို မဟုတ်မမှန်သည့် စကားလုံးများဖြင့် ပြောခဲ့သူများကို ဖမ်းဆီးအရေးမယူပေးခြင်းသည် မတရားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောသည်။

မတ်လ ၅ ရက်နေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဒေါက်တာ မြတ်ဉာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ တင်သွင်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့မှုအပေါ်တွင်ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ ဒီလိုနစ်နာနေတဲ့သူတွေ NLD လူတွေကိုကြတော့ ထောင်ချခဲ့တဲ့ ဥပဒေတွေ ရှိပါရက်နဲ့  အဲ့ဒီ ဥပဒေတွေရဲ့ ရှေ့မှောက်မှာပဲ မြို့ကြီးတွေမှာ ဘောလုံးကွင်းကြီးတွေထဲမှာ ဒံပေါက်ကျွေး ၊ ငွေပေးပြီး ခေါ်လာတဲ့ လူတွေနဲ့  NLD ပါတီနဲ့ ပါတီခေါင်းဆောင်တွေကို မမှန်တဲ့ အကြောင်းအရာတွေ၊ ယုတ်ညံ့တဲ့ စကားတွေနဲ့ မှိုချိုးမျှစ်ချိုး အုတ်အော်သောင်းနင်းလုပ်ခဲ့ကြတာ အားလုံးသိပါတယ်။ ဒါမျိုးကျတော့ အဲ့ဒီဥပဒေတွေနဲ့ မငြိစွန်းဘူး။ အရေးမယူဘူးဆိုတော့  ဒီဥပဒေပြဋ္ဌာန်းချက်တွေဟာ ဘယ်လောက်မတရားတဲ့စကားလုံးတွေ ဖြစ်သလဲ ဆိုတာ ထင်ရှားနေပြီးဖြစ်ပါတယ်”ဟု ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ယခင် ၁၉၉၈ ခုနှစ်အတွင်းက NLD ပါတီဝင်များကို  နိုင်ငံတော် လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဖမ်းဆီးခဲ့သလို ယခုပြန်လည် ဖမ်းဆီးအရေးမယူပေးခြင်းသည် မတရားကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ လက်မည်းကြီးတွေကနေပြီးတော့ ကျွန်တော်တို့သွားနေတဲ့ ပြည်သူတွေ အသက်တွေ ဘဝတွေ ရင်းပြီးတော့ ကြိုးစားရုန်းကန်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လမ်းလွဲသွားအောင် လုပ်နေတာတွေ ခင်ဗျားတို့ အားလုံးသိပြီးဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တေ်ာတို့က အဲ့ဒီလို လစ်လျူရှုလို့ မရဘူး”ဟု ဦးဌေးဦး ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ထို့သို့ ဆွေးနွေးခဲ့ရာတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မှု တစ်ခုသည် တည်ဆဲဥပဒေတစ်ရပ်ကို ဆန့်ကျင်ချိုးဖောက်မှု ဖြစ်သည်မှန်းသိလျက်နှင့် ၎င်းကဲ့သို့ ပွဲမျိုးအား ဥပဒေချိုးဖောက်မှန်းသိလျက်နှင့် ဖြစ်မြောက်ရေးအတွက် နောက်ကွယ်မှ ငွေကြေးကုန်အကျခံကာ ရင်းနှီးစိုက်ထုတ်သူများကို ရှာဖွေဖော်ထုတ်ပြီး သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ချမှတ်နိုင်မည့် ပြဌာန်းချက်မျိုး ပြင်ဆင်သင့်ကြောင့် ၎င်းက လွှတ်တော်တွင်း အကြံပြုပြောခဲ့သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်က ဆွေးနွေးချက်ထဲတွင် ယခုပြင်ဆင်ထားသည့် ပုဒ်မ(၄)(ဃ)တွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ်များ (သို့) အဖွဲ့အစည်းများဆိုသည့် စကားရပ်ဟာ ဆန္ဒထုတ်ဖော်သူများ၏ လုံခြုံရေးနှင့် ချီတက်ရာလမ်းကြောင်းတစ်လျောက်ရှိ လုံခြုံရေးများနှင့် မသက်ဆိုင်သလို ဥပဒေ၏ ဂုဏ်ဒြပ်များနှင့်လည်း မညီသောကြောင့် အဆိုပါစကားရပ်များကို ထည့်ရန် မသင့်ကြောင်း လွှတ်တော်တွင် ပြောသည်။

အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ၁၃ဦး တင်သွင်းခဲ့ပြီး မတ်လ ၅ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြသည်။

ငြိမ်းစုစီဟု အတိုကောက်ခေါ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။
 
ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်လျှင် ပြစ်မှုကျုးလွန်သည့် နေ့ကစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။
 
ငြိမ်း စုစီဥပဒေကြမ်းပယ်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ၊ နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားကြသည့် အရပ်ဘက် အဖွဲ့အစည်း (၁၈၂) ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ၁၆ ဦးတို့ကလည်း ကြေညာချက်ထုတ်၍ တောင်းဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly