ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့်ပွဲက အသင်းအတွက် နိုင်ပွဲဖြစ်နိုင်သေးတယ်လို့ ပီအက်စ်ဂျီနည်းပြ ဆို

ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့်ပွဲက အသင်းအတွက် နိုင်ပွဲဖြစ်နိုင်သေးတယ်လို့ ပီအက်စ်ဂျီနည်းပြ ဆို
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီနည်းပြ အူနိုင်းအမ်မရီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့မှာ ၃-၁ ဂိုးနဲ့ ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီအသင်းအတွက် နိုင်ပွဲတစ်ပွဲ ဖြစ်နိုင်ပါသေးတယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီက ရီးယဲလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ့် အင်္ဂါနေ့ပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးကြယ်ပွင့် နေမာဟာ ခြေဖဝါးရိုးကျိုးဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ရီးယဲလ်အသင်းကတော့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုနီကရူးစ်နဲ့ လူကာ မိုဒရစ်တို့ ပြန်လည်ပါဝင်လာတာကြောင့် အင်အားတောင့်တင်းနေပါတယ်။

“ရီးယဲလ်အသင်းမှာ ဘယ်သူတွေကစားသလဲဆိုတာကို ကျနော်တို့ ဂရုမစိုက်ပါဘူး။ အရေးကြီးဆုံးအရာက ကျနော်တို့ပဲဖြစ်ပါတယ်။ ကျနော်တို့ ပွဲကို ကစားနိုင်စွမ်းရှိလို့ပါ။ ရီးယဲလ်အသင်းက အကောင်းဆုံးကစားသမားတွေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ်။”လို့ အမ်မရီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမ်မရီက ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးဖို့ ပီအက်စ်ဂျီအသင်းအတွက် ဒီပွဲစဉ်ရဲ့ အရေးပါမှုကို ဝန်ခံထားပါတယ်။

ဆီဗီလာနည်းပြဟောင်းက နေမာ ပါဝင်ခြင်း မရှိတာကို စိတ်မကောင်းပေမယ့် ဒါက တခြားကစားသမားတွေ တောက်ပလာဖို့ အရာဖြစ်လာတယ်လို့ ဆိုပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required