ငြိမ်း စု စီ ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံရေးသိက္ခာအကျမခံဘဲ လွှတ်တော်က ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်ညိုညိုသင်းပြော

ငြိမ်း စု စီ ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံရေးသိက္ခာအကျမခံဘဲ လွှတ်တော်က ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်ညိုညိုသင်းပြော
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် မတ် ၅ ။          ။ ဒီမိုကရေစီလွှတ်တော်၊ ဒီမိုကရေစီအစိုးရဖြစ်သည့် အတွက် ဒီမိုကရေစီစံနှုန်းကို ချိုးဖောက်သည့် ငြိမ်း စု စီ ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံရေးသိက္ခာအကျမခံဘဲ လွှတ်တော် က ဖျက်သိမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြော ကြားလိုက်သည်။

 ယနေ့ မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအား ကန့်ကွက်သည့်ဆန္ဒဖော်ထုတ်ပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" အန်တီတို့ကလေ ဒါက သွေးရိုးသားရိုးဖြစ်တာလား၊ ဒီနောက်မှာ ဘာတွေရှိသလဲဆိုတာ အန်တီတို့လည်း မသိဘူး၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့လည်း ပြည်သူ လူထုကို စိတ်ကောင်း စေတနာကောင်းရှိမယ်လို့ ယုံ ကြည်တယ်ပေါ့နော်၊ လွှတ်တော်ကိုလည်း ယုံကြည်တယ်၊ ဒီမိုကရေစီလွှတ်တော်၊ ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ကြောင့် ကိုယ့်ရဲ့နိုင်ငံရေးသိက္ခာ အကျခံပြီးတော့ ဒီမိုကရေ စီစံနှုန်းကို ချိုးဖောက်တဲ့ဒီဥပဒေ ပြင်ဆင်ချက်ပေါ့နော်၊ ဒါ တစ်ခဲနက် ဖျက်သိမ်းကြလိမ့်မယ်လို့ အန်တီတို့ ယုံကြည် တယ်" ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။

 အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းဦးဆောင်၍ ပြုလုပ်ခဲ့ပြီး တောင်သူလယ်သမား၊ အလုပ်သမား၊ မသန်စွမ်း အဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

 ရန်ကုန်မြို့၊ သခင်မြပန်းခြံမှ စတင်၍ လူစုဝေးကာ တိုင်းဒေသကြီးအစိုးရက ဆန္ဒဖော် ထုတ်ခွင့်ပိတ်ပင်ထားသည့် ၁၁ မြို့နယ်တွင် ပါဝင်သည့် အလုံ၊ လမ်းမတော် ၊လသာ၊ ကျောက်တံတား၊ ပန်းပဲတန်းမြို့နယ်တို့ကို ဖြတ်သန်း၍ မြို့တော်ခန်းမရှေ့အထိ ချီတက်ခဲ့ကြပြီး၊ သက် ဆိုင်ရာက တစ်စုံတစ်ရာ တားမြစ်ခဲ့ခြင်း မရှိပေ။

 "ဥပဒေကို ရေးဆွဲတဲ့အခါမှာ တစ်ကယ်ဆို ကိုယ့်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ဥပဒေကို ပြဋ္ဌာန်းထားတာ မရှိ ပဲနဲ့ ဒီ ၂၀၀၈ ဆိုတဲ့ဟာထဲက ဘာမသိညာမသိ ဆွဲထည့် ထားတာ လက်မခံနိုင်ဘူး၊ ဒါကြောင့် ဒီဥပဒေကို လုံးဝ လက်မခံဘူး၊ ဖျက်သိမ်းတဲ့အထိကို သဘောတူလက်ခံ တဲ့အဖွဲ့အစည်းတွေအားလုံးနဲ့ထပ်တူ တောင်းဆိုတယ်" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တောင်သူ လယ်သမား သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောသည်။

 အငြင်းပွားဖွယ်ဖြစ်နေသည့် အဆိုပါဥပဒေမူကြမ်းကို ပြီး ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းဝေးတွင် ဥပဒေကြမ်းကော်တီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 ယခင်က စုဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်လိုသူများသည် ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်း လူဦးရေကိုသာ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်သော်လည်း အခုအခါတွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည်ဟု ဥပဒေမူကြမ်းတွင် ပြင်ဆင်ထားသည်။

 "လူတွေက နယ်မြို့တွေမှာဆို ကြောက်နေကြတုန်း၊ ရန်ကုန်မြို့လိုဟာမျိုးတောင်မှ ဆန္ဒပြရင် ဖမ်းပဲဖမ်းတော့မလို၊ ကြောက်နေကြတုန်းအခြေအနေ၊ ကိုယ့်ရဲ့ အခွင့် အရေးကိုမှ ကိုယ်မပြောတတ်တဲ့အခြေအနေမှာ ဒီလို လူတွေကို နောက်ကနေ စပွန်ဆာပေးမယ့်လူတွေပါ ဖော်ထုတ်မယ်ဆိုတဲ့အခါကျတော့ ဒါက လုံးဝလွတ်လပ် စွာ ဆန္ဒပြခွင့်နဲ့လွတ်လပ်စွာဟောပြောခွင့်ဆိုတဲ့ အဓိပ္ပါယ်ကို လုံးဝပျက်စီးသွားတာဖြစ်တယ်" ဟု တောင်သူ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက ပြော သည်။

ထို့ပြင် ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။

ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်းလျှင် ပြစ်မှုကျုးလွန်သည့် နေ့ကစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။
ငြိမ်း စုစီဥပဒေကြမ်းပယ်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတဝှမ်းလုံးရှိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ၊ နိူင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားကြသည့် အရပ်ဘက် အဖွဲ့အစည်း (၁၈၂) ဖွဲ့နှင့် တသီးပုဂ္ဂလ ၁၆ ဦးတို့က လည်း ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly