အမျိုးသမီးများနေ့တွင် CEDAW စာချုပ်၏ အပိုဒ် ၂၉ကိုလက်မှတ်ရေးထိုးပေးရန်အစိုးရကိုတောင်းဆို

အမျိုးသမီးများနေ့တွင် CEDAW စာချုပ်၏ အပိုဒ် ၂၉ကိုလက်မှတ်ရေးထိုးပေးရန်အစိုးရကိုတောင်းဆို

ရန်ကုန်၊ မတ် ၅ ။            ။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) အပိုဒ် (၂၉) ကို အမျိုးသမီးများနေ့တွင် မြန်မာအစိုးရမှ လက်မှတ်ရေးထိုးပေးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှတောင်းဆိုလိုက်သည်။

 အဆိုပါအပိုဒ်သည် သဘောတူညီချက်စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်ဖြစ်စေ၊ လျှောက်ထားရာတွင်ဖြစ်စေ၊ နိုင်ငံများကြားတွင်ဖြစ်စေ အငြင်းပွားမှုများ ကို စေ့စပ်ခြင်းဖြင့် မဖြေရှင်းနိုင်ပါက နောက်ဆုံးအဆင့်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သက်ဆိုင်ရာနိုင်ငံ၏ တရားရုံး ဥပဒေအဆင့်ဆင့်နှင့်အညီ လွှဲပြောင်းနိုင်သည့်အချက်လည်းဖြစ်သည်။

 " အမျိုးသမီးတွေတော်တော်များများဟာ အမျိုးသမီးများနေ့ဖြစ်ဖို့အတွက်ကို တော်တော်ရုန်းကန်ခဲ့ရတာဖြစ်တယ်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါကိုအသိမှတ်ပြုထားတာဖြစ်တယ်။ အဲဒါကို ကျွန်မတို့နိုင်ငံက အစိုးရကလည်း ဟုတ်တယ်လို့ယူဆပြီး လက်မှတ်ထိုးထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ အခုလာမယ့် မတ်လ ၈ ရက်နေ့ကျလို့ရှိရင် ကမ္ဘာ့ကုလသမဂ္ဂမှာရှိနေတဲ့အထွေထွေအတွင်းရေးမှူးကို စာရေးပြီးတော့ တောင်းဆိုပြီး ပြုပြင်လို့ရပါတယ်လို့ ၊ဒါကြောင့်မို့လို့ အလေးအနက်ထားပေးဖို့ မတ်လ ၈ ရက်နေ့ကို " ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှ ဒေါ်နိုးနိုးထက်စံကပြောဆိုလိုက်သည်။

CEDAW စာချုပ် အပိုဒ် (၂၉)ကို ချွင်းချက်မထား လက်မှတ်ရေးထိုးရေးအတွက်မြန်မာနိုင်ငံအစိုးရအားတောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ရန်ကုန်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် ယနေ့ (မတ် ၅ ) ရက်နေ့ပြောဆိုခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) ကို လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက လက်မှတ် ရေးထိုးထားသော်လည်း အဆိုပါ အပိုဒ် (၂၉) ကို လက်ရှိအချိန်အထိလက်မှတ်ရေးထိုးထားခြင်းမရှိသေးခြင်းလည်းဖြစ်သည်။

 အလားတူ လက်မှတ်ရေးထိုးထားသော်လည်း လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း မြန်မာအမျိုးသမီးများ၏ အခွင့်အရေး၊ အခြေအနေမှာ သိသိသာသာတိုးတက်လာခြင်းမရှိသေးကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြသည်။

 ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် လူအခွင့်အရေးနှင့် ဒီမိုကရေစီထွန်းကားရေး လုပ်ဆောင်ရာတွင် အမျိုးသမီးအခွင့်အရေးစာချုပ်ကို ချွင်းချက်မဲ့လက် မှတ်ရေးထိုးပေးရန်  တောင်းဆိုရခြင်း   ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required