စစ်မှုထမ်းတော့မည်ဟု BIGBANG အဖွဲ့ဝင် ဒေးဆန်း အတည်ပြုပြောဆို

စစ်မှုထမ်းတော့မည်ဟု BIGBANG အဖွဲ့ဝင် ဒေးဆန်း အတည်ပြုပြောဆို

 

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG ၏ အဖွဲ့ဝင်အဆိုတော်တစ်ဦးဖြစ်သော ဒေးဆန်းက အခြားအဖွဲ့ဝင်များနည်းတူ သူသည်လည်း မကြာမီတွင် စစ်မှုထမ်းတော့မည်ဟု ပရိသတ်များကို အသိပေးခဲ့သည်။

မတ်လ ၅ ရက်နေ့တွင် BIGBANG ၏အေဂျင်စီက အဆိုတော်ဒေးဆန်းသည် အခြား BIGBANG အဖွဲ့ဝင်တစ်ဦး ဖြစ်သူ တေးယန် စစ်ထဲဝင်ပြီးနောက်တစ်နေ့ ဖြစ်သည့် မတ်လ ၁၃ ရက်နေ့တွင် စစ်မှုထမ်းတာဝန် ထမ်းဆောင် တော့မည်ဟု ကြေညာခဲ့သည်။

ဒေးဆန်းသည် အခြားအဖွဲ့ဝင်များနှင့် တစ်ချိန်တည်းလိုလိုတွင် စစ်မှုထမ်းလိုကြောင်း ယခင်ကတည်းက ဖွင့်ဟ ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့်သူသည် စစ်မှုထမ်းရန် ပြီးခဲ့သောနှစ်ကတည်းက   လျှောက်လွှာတင်ခဲ့ ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်ကာလသည် ဒေးဆန်းအတွက် အလွန်အလုပ်များသော ကာလတစ်ခုဖြစ်ခဲ့သည်။ သူသည် တစ်ကိုယ်တော်အယ်လ်ဘမ်ကို ဖြန့်ချီခဲ့သလို ဂျပန်နိုင်ငံအတွင်းရှိ မြို့ပေါင်း ၁၈ မြို့တွင်လည်း နယ်လှည့်ဖျော် ဖြေခဲ့သည့်အပြင် BIGBANG အဖွဲ့ဝင်များနှင့်အတူ ရှိုးပွဲများစွာ သီဆိုဖျော်ဖြေခဲ့သည်။

ပြီးခဲ့သော ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က အဖွဲ့ဝင်ဖြစ်သူ G-Dragon စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီးနောက် ယခုအခါတွင် ဒေးဆန်းနှင့် တေးယန်တို့အလှည့် ကျရောက်လာခြင်းဖြစ်သည်။ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ T.O.P သည် ပြီးခဲ့သောနှစ်ကတည်းက စစ်မှုထမ်းတာဝန်ထမ်းဆောင်နေခဲ့ပြီး အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သူ ဆန်ရီမှာမူ ၂၀၁၈ နှစ်လယ်ပိုင်းလောက်တွင် သူ၏တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိနိုင်ရန် အလုပ်များလျက် ရှိသည်။

YG Entertainment က “ဆန်ရီဟာလည်း အခြားအဖွဲ့ဝင်များနဲ့ တစ်ချိန်တည်းလိုလို စစ်မှုထမ်းတာဝန် ထမ်းဆောင်ချင်ပေမယ့် မတ်လ ၂ ရက်နေ့ကထွက်ရှိတဲ့ သူ့ရဲ့တရုတ်ရုပ်ရှင်ဇာတ်ကား Love Only နဲ့ ပက်သက်ပြီး ပရိုမိုးရှင်းလုပ်နေရတဲ့အပြင် သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိဖို့ ပြင်ဆင်နေတဲ့အတွက် အဲ့ဒါတွေအားလုံးပြီးမှပဲ စစ်မှုထမ်းဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required