မြို့နယ်တိုင်းသို့ အမှိုက်သိမ်းကားများ စစ်ကိုင်းတိုင်းအစိုးရ ထောက်ပ့ံမည်

မြို့နယ်တိုင်းသို့ အမှိုက်သိမ်းကားများ စစ်ကိုင်းတိုင်းအစိုးရ ထောက်ပ့ံမည်

 

မုံရွာ၊ မတ်လ ၅။                            ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှိုက်သိမ်းယာဉ်အပါအဝင် ၃ စီးအား တိုင်းအတွင်းရှိ မြို့နယ်တိုင်းအား  ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  ယာဉ်အားလုံးရောက်ရှိလာပါက ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အမှိုက်သိမ်းယာဉ်ပါမယ်။ ဘက်ဟိုးယာဉ်ပါမယ်၊ လမ်းကြိတ်စက်ပါမယ်။ စုစုပေါင်း (၃)စီးကို ထောက်ပံ့ပေး သွားမှာဖြစ်ပါတယ်။ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် (၃၇)မြို့နယ် အားလုံးကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားလုပ်ဆောင်နေပြီး  အမှိုက်သိမ်းခြင်း/ရေမြောင်းများရှင်းခြင်း စသည့်လုပ်ငန်းများလုပ်ဆောင်ရန်အတွက်   ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

ယခုကဲ့သို့ထောက်ပံ့ပေးအပ်ရာတွင်  မြို့နယ်တိုင်းအား တစ်ပြေးညီပေးအပ်သည့်အတွက် လိုအပ်သောမြို့နယ်များကျန်ရှိနေပါက နားလည်ပေးပါရန်လည်း  ၎င်းကဆက်လက်ပြောကြားသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ အမှိုက်သိမ်းယာဉ်များအား တိုင်းအတွင်းရှိမြို့နယ်များကို ထောက်ပံ့ပေးရာတွင် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ယခင်က ထောက်ပံ့ရာတွင် မြို့နယ်တိုင်းမရရှိခဲ့ဘဲ ယခုအကြိမ်သည် မြို့နယ်တိုင်းအတွက် တစ်ပြေးညီချထားပေးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required