အကျိုးစီးပွားကိုထိပါးလာပါက ကြီးမားသောတုံ့ပြန်မှုနှင့်ရင်ဆိုင်ရမည်ဟု ထရမ့်ကို တရုတ်သတိပေး

အကျိုးစီးပွားကိုထိပါးလာပါက ကြီးမားသောတုံ့ပြန်မှုနှင့်ရင်ဆိုင်ရမည်ဟု ထရမ့်ကို တရုတ်သတိပေး

ပေကျင်း၊ မတ် ၄ ။            ။ ဝါရှင်တန်အစိုးရအနေဖြင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမည်ဆိုပါက ယင်းနှင့်ပက်သက်၍ အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် သတိပေးပြောဆိုခဲ့ သည်။

“တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားချင်ပါဘူး။ ဒါပေမယ့် အမေရိကန်တို့ အနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုထိပါးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်လာမယ်ဆိုရင် တရုတ်တို့ဟာ ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ပဲ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပြောရေးဆိုခွင့်ရှိသူ ကျန်ရီရွှီက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ သည်။

ဝါရှင်တန်အစိုးရအနေဖြင့် လွဲမှားသောဆုံးဖြတ်ချက်အပေါ် အခြေခံထားသော ပေါ်လစီများနှင့် မှားယွင်းသော ယူဆချက်များကို ကျင့်သုံးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည်ဖြစ်ပြီး နှစ်ဖက်စလုံးမှ မလိုလား သော အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ကျန်ရီရွှီက သတိပေးပြောဆိုခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် သမ္မတဒေါ်နယ်ထရမ့်က သူ၏အစိုးရအဖွဲ့အနေဖြင့် စတီးလ်နှင့် အလူမီနီယံ ထွက်ကုန်များအပေါ် အခွန်အကောက်များ စည်းကြပ်ကောက်ခံသွားပြီး ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲသွားနိုင်ခြေရှိ ကြောင်း ပြောဆိုခဲ့အပြီးတွင် တရုတ်တို့ဘက်မှ ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားရှိ ကုန်သွယ်မှုပမာဏသည် ၂၀၁၇ အတွင်း အမေရိကန် ဒေါ်လာ ၅၈၀ ဘီလျံခန့်အထိရှိကြောင်းနှင့် အနည်းငယ်သဘောထားကွဲလွဲခြင်းသည် သဘာဝကျကြောင်းလည်း ကျန်ရီရွှီက ဆိုခဲ့သည်။

“နှစ်နိုင်ငံစလုံးအနေနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားက မဟာဗျူဟာကျတဲ့ ရည်ရွယ်ချက်တွေကို မှန်ကန်စွာ နားလည်သဘောပေါက်ဖို့လိုအပ်ပြီး သဘောထားကြီးဖို့လိုအပ်ပါတယ်” ဟု ကျန်ရီရွှီက အမျိုးသားပြည်သူ့ကွန် ဂရက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required