မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရုံးခန်းဖွင့်လှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရုံးခန်းဖွင့်လှစ်

ရန်ကုန်၊ မတ် ၄ ။             ။ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီ ရုံးခန်းသစ်ဖွင့်ပွဲကို ယနေ့ မတ်လ ၄ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ ၎င်းရုံးခန်းတွင် ဟိန္ဒူလူငယ်များအတွက် ကွန်ပျူတာသင်တန်းများဖွင့်လှစ်ပေးပြီး  ရိုးရာအဆို၊ အက၊ အရေး၊ အတီးများကို သင်ကြာပေးသွားရန်လည်း စီစဉ်ထားသည်။ ဟိန္ဒူလူငယ်များ ယဉ်ကျေးမှုထုံးတမ်းများနားလည်သဘောပေါက်စေရန် ရည်ရွယ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"အဓိက ကိုယ့်ကိုကိုယ်သိရမယ်။ ကုလားဆိုတာက ရိုင်းတဲ့စကားလုံးမဟုတ်ပါဘူး ။ပါဋိလိုကုလားဆိုတာက ကု လား ဘုရားဆီမှဆင်းသက်လာသောလူမျိုးနွယ်စုဆိုပြီးတော့ ဒီစကားလုံးကဒီကဆင်းသက်လာတာ ဒါပေမယ့်ကျွန်တော်တို့ရဲ့ရှေ့လူကြီးတွေရဲ့လုပ်ဆောင်မှုကမှားခဲ့တယ် ။ဆက်ဆံမှုတွေကညံ့ခဲ့တဲ့အတွက် ဒီကုလားကနောက်ပိုင်းကျတော့ အမုန်းစကားဖြစ်လာတာ ။ အဲဒီအမုန်းစကားကနေပြန်ပြီးတော့ဂုဏ်ထူးအနေနဲ့ဆွဲဆောင်ရမယ်။ ကိုယ့်အပြုအမူနဲ့ပြန်ပြီးတော့ တစ်ကမ္ဘာလုံးရှိသူတွေကိုကျွန်တော်တို့ဘက်ကိုဆွဲဆောင်ရမယ်။ ပါးစပ်ပြောမဟုတ်ဘူး လက်တွေ့လုပ်ရမယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ ဥက္ကဌ ဦးမောင်ရွှေက ပြောပြသည်။

မြန်မာနိုင်ငံရှိ ဘာသာကြီးလေးဘာသာထဲ၌ ဟိန္ဒူဘာသာသည် ဘာသာဝင်အနည်းဆုံးဖြစ်သည်။ ဟိန္ဒူဘာသာအရ ဟိန္ဒူမိဘနှစ်ပါးမှမွေးဖွားလာသည့်သူကိုသာ ဟိန္ဒူအဖြစ်သတ်မှတ်လို့ရနိုင်ပြီး အခြားဘာသာသို့ ဘာသာကူးပြောင်းခွင့်ပြုထားသော်ဘည်း ဟိန္ဒူဘာသာသို့ ကူးပြောင်းလာခြင်းကို ခွင့်မပြုထားကြောင်း ၎င်းကရှင်းပြသည်။

"မြန်မာနိုင်ငံထဲမှာနေတဲ့ ဘာသာကြီးလေးခုလုံးမှာရှိတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေအားလုံးစည်းစည်းလုံးလုံးနဲ့အားလုံးဝိုင်းဖွဲ့ပြီးတော့နေမှ ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုသွားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်"ဟု သာသနာရေးဝန်ကြီးကိုယ်စားတက်ရောက်လာသည့် သာသနာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်ထွန်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီအဖွဲ့ချုပ်ကို ၁၉၅၃ခုနှစ်တွင် ပထမဆုံးစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီရွေးကောက်ပွဲကိုလည်း ယခုနှစ် ၂၀၁၈အကုန်တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း ဦးမောင်ရွှေကဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအသင်းတွင် အသင်းသား တစ်သိန်းနှစ်သောင်းကျော်မှတ်ပုံတင်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဗုဒ္ဓဘာသာအဆောက်အဦ၊ ကျောင်းများအပြင် ခရစ်ယာန်ဘာသာရေးဆိုင်ရာဘုရားကျောင်း ၃၂၅ခု၊ ဟိန္ဒူဘာသာရေးဘုရားကျောင်း ၂၇၀ခု၊ အစ္စလာမ်ဘာသာရေးဗလီ ၁၂၄ခု၊ တရုတ်ဘုံကျောင်း ၁၂၆ခု ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly