သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် လာရောက်ရင်းနှီးမြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် လာရောက်ရင်းနှီးမြှုပ်နှံထား

 

မတ်လ ၃ ။        ။ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို နိုင်ငံတကာ ကုမ္ပဏီ ၉၁ ခုက လာရောက်ရင်းနှီးမြှုပ်နံှထားပြီး အဆိုပါလုပ်ငန်းများတွင်  သန်လျင်၊ ကျောက်တန်းဒေသမှ ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးရရှိလျက်ရှိကြောင်း သီလဝါအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။  

အထူးစီးပွားရေးဇုန် မစတင်ခင်က သီလဝါဒေသခံများနှင့် တွေ့ဆုံရာတွင် ယင်းတို့အနေဖြင့် အထူးစီးပွားရေး ဇုန်တွင် အလုပ်အကိုင် ရရှိရန် အတွက် စိုးရိမ်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အလွှာအသီးသီးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးထား နိုင်ကြောင်း သီလဝါအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဆိုသည်။

ဦးဆက်အောင်က " ကျွန်တော်တို့ သီလဝါအထူးစီးပွားရေးဇုန်မှာ ရှိတဲ့ စက်ရုံတွေမှာ လက်ရှိ အလုပ်လုပ်နေတဲ့ လုပ်သားတွေကို ကြည့်လိုက်ရင် ၈၀ ရာခိုင်နှုန်းက တညင်နဲ့ ကျောက်တန်း မှာရှိတဲ့ ဒေသခံတွေဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီထဲမှာမှ ၇၅ ရာခိုင်နှုန်း လောက်က ၁၀ တန်းတောင် မအောင်သေးတဲ့ လုပ်သားတွေ ဖြစ်ပါတယ်" ဟု မတ်လ ၁ ရက်တွင် ဂျပန်နိုင်ငံပြည်ပကုန်သွယ်မှုဆိုင်ရာအဖွဲ့အစည်း  (JETRO) က သီလဝါ အထူးစီးပွားရေးဇုန်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် ဂျပန်လုပ်ငန်းများမှာ  စုစုပေါင်း လာရောက်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအားလုံး၏ ထက်ဝက်ကျော်ရှိပြီး ဂျပန်ကုမ္ပဏီ စုစုပေါင်းပေါင်း ၄၅ ခု နီးပါး ရှိကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်ရှိ လက်ရှိလည်ပတ်လျက်ရှိသော လုပ်ငန်းအများစုမှာ အထည်ချုပ် လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော် ကား အပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစသည့် စက်မှုကုန် ထုတ်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly