အာဆင်နယ်ကို ဦးဆောင်သူအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း အာစင်ဝင်းဂါးပြော

အာဆင်နယ်ကို ဦးဆောင်သူအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း အာစင်ဝင်းဂါးပြော

မတ် ၂၊ လန်ဒန်။          ။ မန်စီးတီးအသင်းကို ရှုံးခဲ့ရသည့်အပြင် ပရိသတ်များ၏ ဆန့်ကျင်မှုကိုခံနေရသော်လည်း မိမိသည် အာဆင်နယ်အသင်း၏ ဦးဆောင်သူအဖြစ်ရှိနေဆဲဖြစ်သည်ဟု အာစင်ဝင်းဂါးကပြောသည်။

ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗားနှင့် လီရွိုင်းဆာနေးတို့၏ ပထမပိုင်းသွင်းဂိုးများကြောင့် ရှုံးခဲ့ရသည့် အာဆင်နယ်ကို အမ်းမရိတ်စ်ကွင်းတစ်ဝက်သာလာကြည့်သည့် ပရိသတ်များက လှောင်ပြောင်အော်ဟစ်ခဲ့ကြသည်။

သို့သော် အာစင်ဝင်းဂါးက “အခြေအနေတိုင်းမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ကျွန်တော်ရှိနေပါတယ်။ ဘယ်သူတွေနဲ့မှာလည်း နှိုင်းယှဉ် မနေပါဘူး။ ဒါကကျွန်တော့်အလုပ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

လက်ရှိကြုံနေရတဲ့အခြေအနေကိုလည်း ကျွန်တော်တာဝန်ယူပါတယ်။ နောက်ပွဲတွေအတွက်လည်း အာရုံစူးစိုက်မြှုပ်နှံထားတုန်း ပါပဲ။ ခြေစွမ်းကိုအာရုံစိုက်ထားပြီး ဒီလိုဖိအားမျိုးကြုံရတဲ့အခါမှာ ကြံ့ခိုင်တဲ့အသင်း၊ စည်းလုံးတဲ့အသင်းဆိုတာ ပြရမှာပါ။ မခွဲခြားသင့်ပါဘူး။

အတူတကွအာရုံစိုက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားကြရင် ယုံကြည်မှုပြန်ရလာမှာပါ။ ၃-၀ ဂိုးနဲ့ရှုံးတဲ့ပွဲကို ဘယ်ပရိသတ်ကမှ ကျေနပ်မှာမဟုတ်ပါဘူး။ ပရိသတ်တွေအတွက် ခြေစွမ်းနဲ့အရည်အချင်းကို ကျွန်တော်တို့ကပြသရမှာပါ”ဟု ပြောသည်။

မန်စီးတီးကိုရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနှင့် ၁၀ မှတ်ထိကွာသွားခဲ့ပြီး အဆင့် ၆ နေရာ၌ ရပ်တည်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required