ကော်ဖီသောက်ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

ကော်ဖီသောက်ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

နိုင်ငံအများစုတွင်  ကလေးငယ်ကို ကော်ဖီတိုက်ခြင်းသည် ကြီးကြီးမားမား ကန့်ကွက်သော အရာဖြစ်သည်။ ကလေးငယ်ကို ဂဏှာမငြိမ်ဖြစ်စေသည့်အပြင် ကော်ဖီနှင့် ကဖင်းပါသော အချိုရည်များသည် ကလေးနှင့် ဆယ်ကျော်သက်များအား အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာလည်း သက်ရောက်စေပါသည်။

သွားပိုးပေါက်များ

ကော်ဖီသည် ၎င်းတွင် ပါဝင်သော အက်ဆစ်ဓါတ်ကြောင့် ကလေးငယ်၏ သွားများကို သွားပိုးပေါက်များဖြစ်စေသည်။ ကလေးများ၏ သွားများသည် လူကြီးများထက် ပိုနုနယ်ပြီး ခံနိုင်ရည်အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အက်ဆစ်ဓါတ်ပါသော ကော်ဖီသည် သူတို့လေးတွေ၏ သွားများကို အလွယ်တကူ အားနည်းစေပြီး သွားကြွေလွှာများကို ပျက်စီးစေကာ သွားပိုးပေါက်များ ဖြစ်စေသည်။

ငယ်သွား ဆုံးရှုံးပြီး ကြီးသွားလဲသောအခါတွင် ကြွေလွှာအသစ် သန်စွမ်းကြံ့ခိုင်ဖို့ နှစ်နဲ့ ချီပြီးကြာပါသည်။ ကော်ဖီသောက်သောကလေးများသည် လူကြီးများထက်ပိုပြီး သွားပိုးပေါက်နှင့် ကြွေလွှာဆုံးရှုံးခြင်း ကဲ့သို့သော ခံတွင်းကျန်းမာရေး ပြဿနာ ပိုအဖြစ်များပါသည်။

ဂဏှာမငြိမ်ခြင်း

ကော်ဖီသည် ကလေးငယ်ကို ဂဏှာမငြိမ်ဖြစ်စေသည်မှာ ထင်ရှားပါသည်။ ဂဏှာမငြိမ်ဖြစ်စေရုံသာမက ၎င်းသည် လှုပ်လှုပ်ရှားရှားအငြိမ်မနေဘဲ အာရုံစူးစိုက်နိုင်စွမ်း ကင်းစေသည်။ လူကြီးများသည် ကော်ဖီ၏ လန်းဆန်းစေသော အာနိသင်အကျိုးကို ရရှိခိုက်တွင် ကျောင်းနေပြီး စာကို အာရုံစိုက်ရမည့် ကလေးများအတွက်တော့ ထိုအာနိသင်သည် အလွန်အကျွံ ဖြစ်စေသည်။

ကလေးတွင် ကဖင်းဓါတ် အာနိသင်သည် နာရီများစွာ ကြာရှိပြီး ကျောင်းချိန်နေ့တစ်ပိုင်းလုံး အာနိသင်ပြနိုင်သည်။ ၎င်းသည် ကလေးနှင့် သူငယ်ချင်းများကြား ဆက်ဆံရေး၊ ကျောင်းစာသင်ကြားမှုနှင့် ကျောင်းအဆင့်များကို ထိခိုက်စေပါသည်။

အိပ်မပျော်ခြင်း

အသက် ၅ နှစ်မှ ၁၂ နှစ်ကြားကလေးများသည် အနည်းဆုံး ၁၁ နာရီလောက် အိပ်ဖို့လိုအပ်သည်။ ဆယ်ကျော်သက်အရွယ်တွင် တစ်ရက်ကို ၁၀ နာရီ လောက်သာ အိပ်ချိန်လိုအပ်တော့သည်။ သို့သော် ယနေ့ခေတ် ကလေးတော်တော်များများသည် မိဘများ၏ ပြင်းထန်သော အချိန်ဇယားများကြောင့် လုံလောက်သော အိပ်ချိန်မရသည်က များသည်။ ၎င်းသည် အိပ်ရေးပျက်စေပြီး လုံလောက်သော အိပ်စက်ချိန်မရရှိခြင်းကြောင့် ကုန်ခမ်းသွားသော စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ ကော်ဖီကို သောက်လာကြသည်။

အိပ်ချိန်မလုံလောက်လို့ ကော်ဖီသောက်၊ ကော်ဖီက ခန္ဓာကိုယ် ဇီဝနာရီကို ထိခိုက်စေပြီး အိပ်ပျော်ဖို့ပို ခက်ခဲစေကာ သံသရာလည်နေသည်။ အကယ်၍ ကလေးသည် စိတ်ပူတတ်လွန်းသူဆိုလျှင် ကော်ဖီ၏ အာနိသင်က ထိုပူပန်မှုကို ပိုဆိုးရွားစေကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။

အစားအသောက်နည်းခြင်း

ကလေးဦးနှောက်သည် လူကြီးဦးနှောက်ထက် ကဖင်းဓါတ် အာနိသင်ကို အနည်းငယ်ပိုပြီး တုန့်ပြန်မှုများသည်။

ကဖင်း သည် ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ကလေးငယ်၏ စားချင်စိတ်ကို ပြောင်းလဲပေးနိုင်သည်။ ဆယ်ကျော်သက်များသည် လူကြီး ဘ၀ ကိုယ်အလေးချိန်တစ်ဝက်ကို ဆယ်ကျော်သက်ဘဝအရွယ်တွင် စပြီး ပိုင်ဆိုင်သည်။ အကယ်၍ ကဖင်းက သူတို့၏ စားချင်စိတ်ကို ဖြတ်တောက်လိုက်လျှင် ၎င်းသည် သူတို့လေးတွေ၏ ကြီးထွားမှုကို ထိခိုက်စေပါသည်။

ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်း

ကျွန်ုပ်တို့ အားလုံးသိထားကြသလိုပင် ကော်ဖီတွင် ကဖင်းဓါတ်ပါဝင်သည်။ ကဖင်းသည် ကလေးရော လူကြီးကိုပါ လှုံ့ဆော်မှုပေးနိုင်သော အရာတစ်ခုဖြစ်သည်။ ပမာဏအနည်းငယ်ဆိုလျှင် ကဖင်းသည် လန်းဆန်းတက်ကြွစေရန် ကူညီပေးသည်။ သို့သော် ပမာဏများပါက ဂျီကျခြင်း၊ စိတ်လှုပ်ရှား ဂဏှာမငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါသည်။

အရိုးဆုံးရှုံးခြင်း

ကဖင်းဓါတ်ပါသော ဖျော်ရည်များသည် ကယ်လိုရီတန်ဖိုး မပါရှိတာများသည်။ (ကယ်လိုရီဆိုသည်မှာ အာဟာရ ထောက်ပံ့ပေးသော အရာဖြစ်သည်။) ကော်ဖီသောက်သော ကလေးများသည် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များမှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များ မရရှိနိုင်ကာ အာဟာရချို့တဲ့မှု အန္တရာယ်များသည်။

ထို့ပြင် ကော်ဖီသည် ဆီးဆေးအာနိသင်ရှိသည်။  ၎င်းသည် ဆီးသွားမှုများစေသည်။ ဆီးသွားများခြင်းသည် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓါတ်ကို ဆုံးရှုံးစေပြီး အရိုးဆုံးရှုံးမှုကို ဖြစ်စေသည်။ ကော်ဖီတွင် ဆီးဆေးအာနိသင်ရှိသည့်အပြင် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဆုံးရှုံးစေသော ကဖင်းဓါတ်အမြောက်အမြားပါရှိပါသည်။ ကဖင်း ၁၀၀ မီလီဂရမ်စားတိုင်း ၆ မီလီဂရမ်သော ကယ်လ်စီယမ်ဓါတ်ကို ခန္ဓာကိုယ်မှ ဆုံးရှုံးလျက်ရှိသည်။ ကလေးများအတွက် အရိုးကြီးထွားသန်မာဖို့ ကယ်လ်စီယမ် မဖြစ်မနေလိုအပ်သည်။

ကလေးငယ် ကော်ဖီဘယ်လောက် သောက်လို့ရသလဲ။

ကန့်သတ်ချက်မရှိသော်လည်း သင့်ကလေးကို အထက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများ မဖြစ်စေရန် ကော်ဖီတိုက်မည်ဆိုလျှင် သေချာ ဂရုပြု စဉ်းစားသင့်သည်။ ကဖင်းဓါတ်ခံနိုင်ရည်အားသည် လူတစ်ယောက်နှင့် တစ်ယောက်ကွဲပြားကြသည်။ များသောအားဖြင့် လူကြီးတစ်ယောက်အတွက် ဘေးထွက်ဆိုးကျိုးများကို ရှောင်ဖို့ ထောက်ခံထားသော ပမာဏမှာ တစ်ရက်ကို ကဖင်းဓါတ် ၂၀၀ မှ ၃၀၀ မီလီဂရမ်သာ ဖြစ်သည်။ ဖွံ့ဖြိုးနေသော ကလေးများအတွက်မူ ဘေးကင်းစိတ်ချစေဖို့ ထိုပမာဏ၏ တစ်ဝက်လောက်ကိုသာ ပေးဖို့ သင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required