စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ မကြာမီပြဋ္ဌာန်းနိုင်မည်

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ မကြာမီပြဋ္ဌာန်းနိုင်မည်

မုံရွာ၊ မတ်လ ၁ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၏ စည်ပင်သာယာရေးဥပဒေ ကို မကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် စည်ပင်သာယာရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောသည်။

စည်ပင်သာယာရေးဆိုင်ရာကော်မတီအနေဖြင့် ဥပဒေကြမ်းကော်မတီသို့ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ယခု လာမည့်လွှတ်တော်အတွင်း ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။

"၂၀၁၇ ဒီဇင်ဘာ ၆ ရက်က ဥပဒေကြမ်းကို တင်ပြပြီးခဲ့ပါပြီ။ ဒါ့ကြောင့်မို့ လက်ရှိမှာ ဥပဒေကြမ်းကော်မတီက ဆက်လက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အခုလာမယ့်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောသည်။

ယခင်ကပြဋ္ဌာန်းထားသော စည်ပင်သာယာရေးကော်မတီဥပဒေသည် ပြည်သူလူထုကိုသာ ထိန်းချုပ်သည့် ဥပဒေပုဒ်မများ ပါဝင်ပြီး ယခုထပ်မံရေးဆွဲထားသော စည်ပင်သာယာရေးဥပဒေအသစ်တွင် စည်ပင်ဝန်ထမ်းများ ကို ထိန်းချုပ်သော ဥပဒေများ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းကပြောသည်။

"စည်ပင်သာယာရေးဝန်ထမ်းများသည် စည်ပင်လုပ်ငန်းအလို့ငှာ အကျိုးအမြတ်ရယူခြင်း၊ ဝေစုရယူခြင်းများ ဆောင်ရွက်ခဲ့ပါက ငွေဒဏ်/ထောင်ဒဏ် စသဖြင့် သက်မှတ်ပြီး ထည့်သွင်းရေးဆွဲထားပါတယ်။" ဟု ဦးသန်းလှိုင်က ရှင်းပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသည် ၂၀၁၂ ခုနှစ်က ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုအသစ်ထပ်မံရေးဆွဲမည့် စည်ပင်သာယာရေးဥပဒေအတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

" အခုရေးဆွဲထားတဲ့စည်ပင်ဥပဒေမူကြမ်းမှာ အရပ်ဖက်ကအကြံပြုထားတဲ့အချက် (၁၇)ချက်မှာ (၁၂)ချက် ပါဝင်လာတယ်။ တော်တော်လေး ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်တဲ့အနေအထားလို့ ပြောလို့ရတယ်။ ဝန်ထမ်းရွေးချယ်ခြင်း၊ လ်ုင်စက်ချထားပေးခြင်းတွေမှာလည်း အရင်ကနဲ့မတူအောင်ထည့်သွင်းထားတယ်။ နောက် ဒီဥပဒေမှာ စည်ပင်ကော်မတီကို ရပ်/ကျေးအထိဆင်းဖွဲ့ဖို့ပါ ထည့်သွင်းထားတဲ့အတွက် စည်ပင်ရဲ့အခန်းကဏ္ဍဟာ ပိုမိုကျယ်ပြန့်လာမယ့်အနေအထားရှိတယ်။" အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)မှ ဦးစိုးဝင်းဆွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required