အနှစ် ၂၀ ကျော်ကာလအတွင်း အမျိုးသမီးအယောက် ၄၀ ကို အဓမ္မကျင့် စော်ကားထားခဲ့သူ ပြင်သစ်အမျိုးသားအား ဖမ်းဆီးတရားစွဲ

အနှစ် ၂၀ ကျော်ကာလအတွင်း အမျိုးသမီးအယောက် ၄၀ ကို အဓမ္မကျင့် စော်ကားထားခဲ့သူ ပြင်သစ်အမျိုးသားအား ဖမ်းဆီးတရားစွဲ

မတ် ၁ ။          ။ လွန်ခဲ့သော ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အမျိုးသမီးပေါင်း ၄၀ ခန့်ကို အဓမ္မပြုကျင့်၊ လိင်စော်ကားထားခဲ့ပြီး ပိပိရိရိ သိုသိုသိပ်သိပ် နေထိုင်ခဲ့သူ ပြင်သစ်အမျိုးသားတစ်ဦးအား ယခုအခါ ရဲက ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားသည်။

အသက် ၅၇ နှစ်အရွယ် အိမ်ထောင်သည် ပြင်သစ်အမျိုးသား မုဒိန်းသမားကိုတော့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ရဲက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ဘယ်လ်ဂျီယံ နယ်စပ်တွင် အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရမှုကိစ္စကို ရဲက လိုက်လံစုံစမ်းရာမှ ၎င်းကို ဖော်ထုတ်ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။

DNA အထောက်အထားများအရလည်း ယခင်ကာလများအတွင်း အဓမ္မပြုကျင့်ခံထားကြရသည့် အမျိုးသမီးများနှင့် အဆိုပါ မုဒိန်းသမားတို့ ကိုက်ညီနေသည်ကို ရဲက ဖော်ထုတ်တွေ့ရှိခဲ့သည်။

ယင်းနောက် အဆိုပါ အမျိုးသားက ရဲတပ်ဖွဲ့ကို ဝန်ခံရာတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့် ၁၉၉၀ နောက်ပိုင်းကတည်းက အမျိုးသမီးပေါင်း ၄၀ လောက်ကို မုဒိန်းကျင့် စော်ကားထားခဲ့မိကြောင်း ထုတ်ဖော်ဝန်ခံသွားသည်ဟု သိရသည်။

အဆိုပါ မုဒိန်းသမား အမျိုးသားသည် ပြင်သစ်နိုင်ငံမြောက်ပိုင်း ပွန့် ဆာ ဆမ်ဘရီမြို့တွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်။

" သူက အမျိုးသမီး အယောက် ၄၀ လောက်ကို ကျူးလွန်ခဲ့မိတယ်လို့ ဝန်ခံသွားပါတယ်" ဆိုပြီး အစိုးရရှေ့နေတစ်ဦးဖြစ်သည့် ဖိလစ်ပီ ဗင်စင်တီနီက သတင်းထောက်များကို ပြောသည်။ ၎င်း၏ သားကောင်ဖြစ်ခဲ့ရသူများထဲတွင် အသက်မပြည့်သေးသူ မိန်းကလေးငယ်များလည်း ပါကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် မုဒိန်းမှု ကျူးလွန်ရာတွင် တူညီသည့် နည်းလမ်းပုံစံတစ်ခုတည်းကိုသာ အမြဲ အသုံးပြုကျူးလွန်ခဲ့သည်ဟုလည်း သိရသည်။

" အမျိုးသမီးတွေကို သူက အနောက်ကနေ လိုက်ပြီး တိုက်ခိုက်ခဲ့တာပါ၊ မနက်ဘက် အစောကြီး ဝေလီဝေလင်းအချိန်တွေမှာပဲ သူကျူးလွန်ခဲ့ပါတယ်၊ နောက်ပြီး သူက လက်အိတ်နဲ့ မျက်နှာဖုံးတွေ စွပ်ပြီးမှ ကျူးလွန်ခဲ့တာပါ" ဆိုပြီး ဖိလစ်ပီ ဗင်စင်တီနီက ပြောသွားသည်။

ယခုအခါမှာတော့ အဆိုပါ မုဒိန်းသမားကို စွဲချက်တင်အရေးယူသွားရန် စီစဉ်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags