တစ်လ ကျပ်ငါးသိန်းအထက် ရသူများ ဝင်ငွေခွန်ဆောင်ရန် လွှတ်တော်ကော်မတီ အစီရင်ခံ

တစ်လ ကျပ်ငါးသိန်းအထက် ရသူများ ဝင်ငွေခွန်ဆောင်ရန် လွှတ်တော်ကော်မတီ အစီရင်ခံ
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ တစ်လ ဝင်ငွေ ကျပ်ငါးသိန်းအထက် ရရှိသူများ ဝင်ငွေခွန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူပေါင်းကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းလိုက်သည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် ယင်းသို့ ထည့်သွင်းထားခြင်း ဖြစ်သည်။

မူလဥပဒေကြမ်းတွင် လစာမှ တစ်နှစ်ဝင်ငွေ ကျပ် ၄၈သိန်းအထက် ရရှိသူများ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဟု ဖော်ပြထားမှုအစား တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၆၀အထက် ရရှိသူများသာ ဝင်ငွေခွန်ထမ်းဆောင်ရန် ကေ်ာမတီ၏ အစီရင်ခံစာတွင် ပြင်ဆင်ထားသည်။

အခွန်ထမ်းပြည်သူများ ဝန်ထိုးဝန်ပိုးမဖြစ်စေရန်အတွက် ထိုသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အစီရင်ခံစာတင်သွင်းစဉ် ပြောကြားသည်။

“အရင်တုန်းက တစ်နှစ်ကို လစာ ၄၈သိန်းအထိရတဲ့သူတွေ ဝင်ငွေခွန်ဆောင်စရာ မလိုဘူး။ အခုဆိုရင် သိန်း ၆၀အထိ ဆောင်စရာ မလိုဘူးပေါ့။ သဘောက သိန်း၆၀နဲ့ တစ်ကျပ်ရမှ ဆောင်ရမယ်။ ဥပမာ တစ်လကို ကျပ်ငါးသိန်းအထက် လစာရတဲ့သူတွေပဲ ဆောင်ရမှာပါ။  ပြည်သူတွေကို ဖိစီးမှု မဖြစ်စေလိုတာကြောင့်လည်း ပါပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဒုဥက္ကဌ ဦးအောင်မင်းက ရှင်းပြသည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၂၅ပါ အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်အပေါ် ကောက်ခံမည့်နှုန်းထားများကိုလည်း ပြင်ဆင်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်ကို ကန့်သတ်ချက်တစ်ချို့ဖြင့် အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်သော်လည်း ဥပဒေကြမ်းတွင် ဖော်ပြထားသလို ၃ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိ မဟုတ်တော့ဘဲ အမျိုးအစား (၃)မျိုး ခွဲကာ ၃ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်၊ ဖြည့်စွက်ချက်များသည် အတည်မဖြစ်သေးဘဲ ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး၊ ဆုံးဖြတ်ကြဦးမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly