တိရစ္ဆာန်လေးတွေရဲ့ ကယ်တင်ရှင် ဧပရယ်မိုး

28 February 2018
တိရစ္ဆာန်လေးတွေရဲ့ ကယ်တင်ရှင် ဧပရယ်မိုး

Emergency Animals Rescue Team (EART)ဆိုတဲ့ အရေးပေါ် တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ဟာ အခုနှစ်ပိုင်းအတွင်း တိစ္ဆာန်ချစ်သူတွေရဲ့အကြားမှာ သူတို့ရဲ့ ကယ်ဆယ်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ပေါ်ကျော်ကြားလာပါတယ်။ သူတို့ ကယ်ဆယ်စောင့်ရှောက်ပေးနေတာက လူအများစုရဲ့ လျစ်လျူရှုခြင်းကို ခံနေရတဲ့ ခွေးလေ ခွေးလွင့်လေးတွေပါ။

ဒီအဖွဲ့ထဲမှာ အဓိက ပါဝင်လှုပ်ရှားသူတွေဟာ စုစုပေါင်း ၄ ယောက်ခန့်သာ ရှိပါတယ်။ သူတို့အားလုံးက လူငယ်လေးတွေပါပဲ။ သူမရဲ့အမည်က မဧပရယ်မိုးပါ။ EART အဖွဲ့ထဲမှာ လူသိများတဲ့ လှုပ်ရှားနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှူငွေကောက်ခံတဲ့နေရာမှာလည်း တက်ကြွလှုပ်ရှားသူဖြစ်သလို ခွေးလေ ခွေးလွင့်လေးတွေကို သွားရောက် ကယ်ဆယ်ရာမှာ မိန်းကလေးတစ်ယောက်ဖြစ် ပေမယ့် လည်း မခိုမကပ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဧပရယ်က အရင်ကတည်းက ခွေးလေးတွေကိုလည်းချစ်တယ်။ အိမ်မှာလည်း မွေးထားတယ်။ ဒါပေမယ့် ရပ်ကွက်ထဲမှာရှိနေတဲ့ ခွေးလေးတွကိုလည်း အမြဲတမ်း ထမင်းကျွေးနေကြ။ ပြီးတော့ တတ်နိုင်သလောက်ကိုလည်း ဆေးကုပေးတယ်။ အဲဒီကနေပြီးတော့ ဒီအဖွဲ့လေးကို Join မိသွားတာ။ အဲဒီအချိန်တုန်းကတော့ အဖွဲ့ဝင်က သုံးလေးယောက်လောက်ပဲရှိတယ်။

ဒါ့အပြင် လက်ရှိမှာ ခွေးလေးတွေ နေထိုင်ရေးအတွက် အဆင်ပြေစေဖို့ သူမတို့မိသားစုပိုင်တဲ့ ဒဂုံမြို့သစ် ရဲ့ ဆိပ်ကမ်းအိမ်ရာထဲက တိုက်ခန်းကိုလည်း အသုံးပြုခွင့် ပေးထားသူပါ။

အိမ်ကို ပေးသုံးဖြစ်သွားတဲ့ အကြောင်းက နဂိုတုန်းက ကယ်ရင်းကယ်ရင်းက အကောင်တွေက အရမ်းများလာတယ်။ တစ်ရက်ကို ဆေးရုံစရိတ်က ငါးထောင်ရှိတယ်လေ။ ဆေးရုံတင်ပြီးတော့ ကုပေးတယ်။ လုံးဝ ပြန်ကောင်းပြီဆိုမှ သူတို့နေရာကို ပြန်ချပေးတယ်။ ပြန်ချလို့မရတဲ့အကောင်တွေကျတော့ တစ်ကောင်စခေါ်လာလိုက် ဟိုအကောင်ခေါ်လာလိုက် အဲဒီကနေ လေးငါးခြောက်ဆယ်ဖြစ်သွားရော။ ပြန်ချတဲ့သူကိုလည်းပြန်ချ ၊ မွေးစားမယ့်သူတွေကို လည်း ပေးပေါ့။ ဒီအိမ်မှာကတော့ လုံးဝ ပြန်ချလို့မရတော့မယ့် ကလေးတွေပေါ့။

အခုဆိုရင် ဒီခွေးလေးတွေက အကြင်နာကင်းမဲ့တဲ့သူတွေရဲ့ နှိပ်စက်မှုဒဏ်တွေကနေလည်း ကင်းဝေးနေပါပြီ။ ရှာဖွေစားသောက်ရခက်ခဲတဲ့ လမ်းဘေးတစ်နေရာမှ ခွေးလေခွေးလွင့် အဖြစ်ကနေ အိမ်မွေးခွေးကလေးတွေကဲ့သို့ လုံခြုံငြိမ်းချမ်းစွာလည်း နေထိုင်နေကြပါပြီ။ သူတို့လေးတွေရဲ့ အသီးသီးမှာ နောက်ကြောင်း ရာဇဝင်လေးတွေလည်း ရှိပါတယ်။ ဒီခွေးလေးတွေကို ကယ်ဆယ်ခဲ့တုန်းက မဧပရယ်မိုးတို့ တွေ့ရတဲ့ အခက်အခဲတွေကလည်း မနည်းပါဘူး။

တွေ့ရတဲ့အခက်အခဲတွေက အများကြီးပါပဲ။ ဒီခွေးတွေအားလုံးက ကိုယ်နဲ့ ယဉ်ပါးတဲ့ခွေးတွေမဟုတ် ဘူး။ တစ်ခါတစ်လေကျတော့ လူနှိပ်စက်မှုဒဏ်တွေကြောင့် လူတွေကို ကြောက်နေတာလည်းပါတယ်။ အနည်းဆုံးတော့ သူတို့ကို အချိန်ပေးရတယ်။ သူတို့ကိုကပ်ဖို့။ တစ်ခါတစ်လေကျရင် အနုနည်းသုံးလို့ရရင်လည်းသုံး ။ သုံးလို့မရဘူးဆိုရင်လည်း ကြိုးကွင်းတွေဘာတွေနဲ့ အကြမ်းနည်းသုံး။ အဲဒီလိုမှ မရဘူးဆိုရင် မေ့ဆေးပေးရတဲ့ အခြေအနေတွေရှိတယ်။ အဲဒီလိုမျိုး နည်းမျိုးစုံသုံးပြီးတော့ ကယ်ခဲ့တာတွေရှိတယ်။

ဒီလို ကယ်တဲ့သူက ကယ်နေပေမယ့် ကြမ်းတမ်းတဲ့ ခွေးလေခွေးလွင့်လေးတွေရဲ့ဘဝမှာ သူတို့ကို နှိပ်စက်မယ့်သူတွေ မျက်ကွယ်ပြုထားမယ့်သူတွေနဲ့လည်း တွေ့ဆုံနေရတာကြောင့် သူမတို့အဖွဲ့အနေနဲ့ ကယ်ဆယ်ရမယ့်စာရင်းတွေဟာ တိုးသထက် တိုးလာသလို ဖြစ်နေပါတယ်။

ဧပရယ်တို့က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဆိုပြီးတော့ Facebook ပေါ်မှာ Page လည်းရှိတယ်။ Group လည်းဖွဲ့ထားတယ်။ အဲဒီထဲမှာ တင်လိုက်ပြီး ၊ ဘယ်မှာအရေးပေါ်ဖြစ်နေတယ်၊ ကားတိုက်သွား တယ်ဆိုလည်း ကားတိုက်သွားတယ် ။ဓားခုတ်ခံရတယ်ဆိုလည်း ဓားခုတ်ခံရတယ်ပေါ့ ။တစ်ခုခု အကြောင်းအရာတစ်ခုခု နေမကောင်းဖြစ်တယ်ဆိုရင်လည်း လှမ်းပြီးတော့ ပုံလေးပို့ပြီးတော့ ပြောကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာက တစ်ခုက ကူညီပေးဖို့လိုတာကကျတော့ နေရပ်လိပ်စာ အတိအကျရှိရမယ် ။ပြီးတော့ လူယဉ်ပါးလား မယဉ်ပါးဘူးလား၊ပတ်ဝန်းကျင်က ကူညီပေးနိုင်လား အဲဒီလိုမျိုးပေါ့။ ကယ်ခိုင်းတဲ့ အကောင်အရေတွက်တွေက အရမ်းများတယ်လေ။ အဲဒါကြောင့် အချိန် မကုန်သင့်တာ မကုန်ရအောင်၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုလည်း လိုသေးတာပေါ့။ တစ်နေ့ကို ပျမ်းမျှခြင်း အားဖြင့် လေးငါးကောင် ပုံမှန် ကယ်ပေးနေရတယ်။

အခုဆိုရင် ခွေးလေးတွေမှမဟုတ်တော့ပဲ ရေဘေးဒဏ်ကြောင့် အစာတွေ ပြတ်လပ်နေတဲ့ နွားလေးတွေရှိတဲ့နေရာအထိ ၊ သူမတို့အဖွဲ့ သွားရောက်ပြီး ကူညီကယ်ဆယ်မှုတွေ လုပ်ခဲ့ပြီးပါပြီ။ EART အဖွဲ့ရဲ့ ကောင်းသတင်းတွေကြောင့် အလှူငွေတွေကို ယုံယုံကြည်ကြည် ပေးလှူခဲ့ကြတဲ့သူတွေလည်း ပေါ်ပေါက်နေပါပြီ။

နွားလေးတွေ အရမ်းဒုက္ခရောက်နေပြီဆိုတဲ့အချိန်မှာ အဲဒီမှာ မခင်သဇင်ဆိုတဲ့သူနဲ့ ချိတ်မိတာ။ သူ့ကို ဆက်သွယ်ပေးပါဆိုပြီးတော့ ဖုန်းဆက်လာတယ်။ သူ့ကို လာတွေ့ပါ ၊ သူကူညီချင်ပါတယ်ဆိုပြီး ပြောတယ်။ သွားတွေ့တဲ့အခါကျတော့ ဧပရယ်တို့ကို သိန်း ၃၀ လှူတယ်။ နောက်ပြီး နာရေးကူညီမှု အဖွဲ့က ိ ၇၈ သိန်း တန်ကြေးရှိတဲ့ နွားစာတွေ ဝက်စာတွေ လှူတယ်။ အဲဒီကနေ နယ်မှာရှိတဲ့ နွားလေးတွေကို သွားအစာကျွေးတယ်။ လမ်းမှာလည်း ကယ်စရာရှိတဲ့ ကလေးတွေကိုလည်း ကယ်လာခဲ့တယ်။ လိုအပ်ရင် ဆေးကုပေးတာတွေဘာတွေလည်း လုပ်ပေးခဲ့တယ်။

အမှန်တော့ သူမရဲ့မိဘတွေ သူမကို ဖြစ်စေချင်တဲ့ဘဝက မိသားစုစီးပွားရေးမှာ အားထားရတဲ့သူ ဒါမှမဟုတ် အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်စေချင်တာပါ။

အိမ်ကလူကြီးတွေကလည်း စီးပွားရေးကိုပဲ လုပ်စေချင်တယ်။ ဒီလိုမျိုးလုပ်တာတွေကို အိမ်က လူကြီးတွေက အရည်မရ အဖတ်မရတာလို့ဘဲ ထင်တယ်။ အချိန်တန်ရင် မိဘကပဲ ပံ့ပိုးပေးရတယ်။ ဦးလေးတွေဘာတွေကလည်း ရုံးလုပ်ငန်းတွေကိုပဲ လုပ်စေချင်ကြတယ်။ လူကြီးတွေစိုးရိမ်တာက ငွေရေးကြေးရေးတွေပါပဲ။ အများနဲ့လုပ်တဲ့အခါကျတော့ အများအမြင်တွေ တိမ်းစောင်းမှာလည်း စိုးတယ်ပေါ့နော်။ အဲဒါမျိုးတွေကြောင့်လည်း အိမ်က မလုပ်စေချင်တာပေါ့လေ။

သူမကိုယ်တိုင်ကလည်း မိဘတွေရဲ့ စီးပွားရေးကိုလည်း လုပ်ကိုင်ရမယ်လို့ ငယ်စဉ်က ထင်ထားခဲ့ပေမယ့် အခုတော့ ပရဟိတ လုပ်ငန်းတွေကြားမှာ မအားနိုင်အောင် ဖြစ်နေပါပြီ။ တကယ်တမ်းတော့ ဒီအလုပ်တွေကို တော်ရုံလူတွေ မလုပ်နိုင်ပါဘူး။ သူမကိုယ်တိုင်ကရော ဘယ်လို စိတ်နေစိတ်ထားတွေနဲ့ ဘယ်လို စွမ်းဆောင်နေနိုင်တာလဲ။ ဘယ်အရာတွေက သူမကို ဒီအလုပ်တွေ လုပ်ဖြစ်သွားအောင် တွန်းပို့ပေးနေတာလဲ ၊ ဒါဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လူတိုင်းမှာ စာနာမှုစိတ်လေးတွေ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီစိတ်လေးက အမျိုးသမီးလေးတွေမှာ ပိုများမယ်ထင်ပါတယ်။ အားလုံးက ဂရုဏာသက်ကြပြီဆိုရင်လည်း အမျိုးသမီးတွေက ပိုများတယ်။ ဧပရယ်တို့က တစ်ခုခုဆိုရင် ရင်ထဲထိခံစားပြီးတော့ လမ်းမှာသွားရင်းနဲ့လည်း အော် ဒီကလေးလေးက သနားဖို့ကောင်းလိုက်တာ ၊ အဲဒါကျတော့ စိတ်မကောင်းစရာတွေဖြစ်ပြီးတော့ ရအောင်လုပ်ဖို့ ကြိုးစားတယ်။

အခုဆိုရင် ဒီလိုစွမ်းဆောင်မှုတွေကို မိန်းကလေးငယ်လေးတွေကပဲ စွမ်းဆောင်နေကြတာကို ကျွန်မတို့အားလုံး တွေ့နေရပါပြီ။ ဒါကြောင့် ဒီအစီအစဉ်ကနေ EART အဖွဲ့မှ မဧပရယ်မိုးနဲ့ တွေ့ဆုံပြီး ခွေးလေခွေးလွင့်တွေရဲ့ ကယ်တင်ရှင်တစ်ယောက်အဖြစ်မှတ်တမ်း တင်လိုက်ရပါတယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly