မုံရွာတွင် ချင်းတွင်း သင်္ကြန်ရေကစားပွဲတော် ပြုလုပ်မည်

မုံရွာတွင် ချင်းတွင်း သင်္ကြန်ရေကစားပွဲတော် ပြုလုပ်မည်

မုံရွာ၊ ဖေဖော်ဝါရီ ၂၇။           ။ ယခုလာမည့် သြင်္ကန်ကို မုံရွာမြို့တွင် ချင်းတွင်းသြင်္ကန် အမည်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းရှိ ဇက်ဆိပ်အနီး သဲသောင်ပြင်တွင် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တစ်ပတ်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်းများပါ ပြသရောင်းချသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော မဏ္ဍိုင်ကြီး (၄) ရပ် တွေ့ဆုံပွဲအပြီး တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချင်းတွင်းသြင်္ကန်တွင် ကလေးငယ်များ ဆော့ကစားရန် ချားရဟတ်များနှင့် ရေလွှာလျောစီး ကစားနည်း တို့ပါ ထည့်သွင်းထားကြောင်း၊ ရေကစားသူများ အပန်းဖြေအနားယူရန်အတွက် စားသောက်ဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်က ပြောသည်။

"ဒေသတွင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အနေဖြင့် ဒေသထွက် သနပ်ခါး၊ ပယင်း၊ ကျောက်စိမ်း စသည့် ထုတ်ကုန်များကိုလည်း လာရောက်ပြသေ ရာင်းချနိုင်မှာ ဖြစ်ပါတယ်။ သဲပန်းပုပြကွက်တွေ၊ Paramotor ခေါ် ကျောပိုးအိတ် အသုံးပြု လေထီးနဲ့ပျံသန်းခြင်း ပြကွက်တွေ ပါဝင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက မီဒီယာများကို ပြောသည်။

အဆိုပါ ချင်းတွင်းသြင်္ကန်ပွဲတော်တွင် စစ်ကိုင်းတိုင်းအတွင်းရှိတိုင်းရင်းသားများ၏ ရိုးရာအကအပြများ၊ ပြည်တွင်းမှ နာမည်ကျော်တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များ စသည့်ဖျော်ဖြေတင်ဆက်မှုများကို ဗဟိုမဏ္ဍပ် တွင် တင်ဆက်သွားမည်ဖြစ်သည်။

ချင်းတွင်းမြစ်ကမ်းဘေးတွင် ဇုန် ၄ ဇုန်ပြုလုပ် ကျင်းပသွားမည့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် အပန်းဖြေနိုင်ပြီး သြင်္ကန်ပွဲပါ ဆင်နွှဲနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 
ဓာတ်ပုံ- စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required