FDA ဝန်ထမ်း အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် တရားစွဲထားသော မျိုးဇော်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေ ငှားပေး

FDA ဝန်ထမ်း အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် တရားစွဲထားသော မျိုးဇော်ဦးကို နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေ ငှားပေး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇ ။        ။ FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြင့် တရားစွဲတင်ထားသော မျိုးဇော်ဦး ဆိုသူက ရှေ့နေမငှားနိုင်သဖြင့် တရားရုံးမှ နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားပေးခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦးဆိုသူအား ဒုတိယအကြိမ် မြောက်ရုံးထုတ်ခဲ့ပြီး မျိုးဇော်ဦးဘက်မှ ရှေ့နေပါဝါတင်ခဲ့ခြင်းဖြစ်သည်။

မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးရန် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးအား နိုင်ငံတော်စရိတ်ဖြင့် ငှားရမ်းပေးထားကြောင်း သိရသည်။

“ ဒီအမှုက သေဒဏ်ထိုက်တဲ့အမှုအဖြစ် စွဲဆိုထားတာပေါ့နော်။ သေဒဏ်ထိုက်တဲ့ ပြစ်မှုနဲ့ စွဲဆိုထားတဲ့အတွက် ကျွန်တော်တို့ ရုံးအနေနဲ့ တရားရုံးက ဒီအမှုမှာ တရားခံအနေနဲ့ ဥပဒေအရ ခုခံချေပပိုင်ခွင့် ပေးရမှာဖြစ်ပါတယ်။ ပေးတဲ့အတွက် ကျွန်တော်တို့ကနေပြီးတော့ ဒီအမှုမှာ တရားခံဘက်က ရှေ့နေအဖြစ် လိုက်ပါဖို့ တရားခံကို မေးမြန်းတဲ့အခါမှာ သူက ရှေ့နေမငှားရမ်းနိုင်ဘူးလို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ ပြောပါတယ်။ ဒီရုံးချိန်းမှာတော့ ဥပဒေ ဘက်ကပေါ့နော်။ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေချုပ် နည်းဥပဒေ ၁၁ဝ အရ တရားခံအတွက်ကို နိုင်ငံတော်စရိတ်နဲ့ ငှားရမ်းပြီးတော့မှ ရှေ့နေတင်မယ့် ရုံးချိန်းလို့ ကျွန်တော်သိရပါတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါအမှုအား လာမည့် မတ်လ ၅ ရက်နေ့  ၃ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုအပါအဝင် သက်သေ ၅ ဦး ကို  စတင်စစ်ဆေးသွားမည်ဖြစ်ပြီး ရဲစွဲချက်အရ တရားလိုပြသက်သေ ၃၅ ဦးထိ တင်သွင်းထားသည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိပ်ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေး ထွက် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန် တွင် သက်သေခံပစ္စည်းဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပတ္တမြားလမ်း၊ (၃၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် တက္ကစီယာဉ်မောင်း မျိုးဇော်ဦးဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင် ၄ ခရိုင်ပူးပေါင်းပြီး စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required