မန်းရွှေစက်တော်သို့ ရှေးရိုးရာမပျက် နွားလှည်းနှင့် ဘုရားဖူးများ ရောက်ရှိလာ

မန်းရွှေစက်တော်သို့ ရှေးရိုးရာမပျက် နွားလှည်းနှင့် ဘုရားဖူးများ ရောက်ရှိလာ

 

မကွေး၊ ဖေဖော်ဝါရီ ၂၇ ။             ။ မင်းဘူး/စကုမြို့နယ် မင်းလှကျင်းကျေးရွာ ပြည်သူများသည် ဖေဖော်ဝါရီ ၂၆ရက်နေ့က ရွာနှင့် ၁၉မိုင်ခန့် ကွာဝေးသည့် မန်းရွှေစက်တော်ဘုရားသို့  ရှေးရိုးရာ အစဉ်အလာမပျက် နွားလှည်းများဖြင့် ဘုရားဖူး  ရောက်ရှိလာခဲ့ကြကြောင်း သိရှိရသည်။

အစဉ်အလာမပျက် နှစ်စဉ် တပေါင်းလဆန်း(၁၂) ရက်နေ့မှ တပေါင်းလပြည့်ကျော်(၁)ရက်နေ့အထိ မန်းစက်တော် လှေတင်အောက်သောင် မန်းချောင်အစပ်တွင် ယာယီတဲလေးများထိုးပြီး နေထိုင်ကာ တန်ခိုးကြီး မန်းရွှေစက်တော်ဘုရားအား ဖူးမျှော် လာသည်မှာ နှစ်ပေါင်း(၁၀၀)ကျော်ခဲ့ပြီဖြစ်ကြောင်း ဘုရားဖူးလာ မင်းလှကျင်းကျေးရွာပြည်သူများက ပြောသည်။

" ဒီနှစ် မိုးလေဝသအခြေနေ မကောင်းတော့ ရွာမှာ နွားလှည်းတွေ နည်းသွားတယ်၊ အရင်နှစ်တွေက နွားလှည်းအစီးရေ(၆၀)ကျော်နဲ့ဘုရားဖူး ထွက်နေကျပါ၊ ဒီနှစ်တော့ လှည်းအစီးရေ(၂၅)စီးပဲ လာနိုင်တော့တယ်" ဟု မင်းလှကျင်းကျေရွာနေ ဘုရားဖူးလာသော ကိုဝင်းနိုင်က ပြောသည်။

မန်းရွှေစက်တော်ဘုရားဖူးလာသည့် လှည်းများပေါ်တွင် မိသားစု အနည်းဆုံး(၃)ဦးမှ အများဆုံး (၆) ဦး၊ လှည်းအစီးရေ ၂၅စီး မိသားစု ၂၅စုမှ လူဦးရေ (၁၃၀)ခန့် လိုက်ပါဘုရားဖူး ကုသိုလ်ရယူကြကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းလာသဖြင့် ကားနှင့်လာသောသူများ ရှိပြီး ယခုတည်းခိုသည့် လှေတင်အောက်သောင်တွင် ဘုရားဖူး စုစုပေါင်း ဦးရေ (၂၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

"ဟိုတုန်းက သူကြီးခေတ်လေ ။ ရွာမှာမောင်းတီး လှည်းတန်းကြီးနဲ့ထွက်လာ၊ လမ်းမှာ လှည်းပျက်ရင် မောင်းတီး လူစု ပြင်ကြနဲ့ ဘုရားဖူး သွားရတာ ပျော်စရာပေါ့၊ အခုတော့ ရှေးအစဉ်အလာကို ထိန်းသိမ်းတဲ့ အနေနဲ့ နှစ်စဉ် တပေါင်းလဆန်း  ၁၂ ရက်နေ့ ညနေ ရွာကနေထွက်တယ် ။ ည ၁၀ နာရီလောက် ဘုရားကိုရောက်တယ်။ လူကြီးတွေက ဘုရားဖူး၊ ကလေးတွေက မန်းချောင်းရေချိုးကြ ဆော့ကြ၊  နွားတွေလည်း ဘုရားဖူး ရေချိုး ကုသိုလ်ရကြတာပေါ့ ။ ကျွန်တော့်အသက် ၄၄နှစ်ရှိပြီ။ ဒီနှစ်အထိ လှည်းတွေနဲ့ ဘုရားဖူး လာလျက်ပါ ၊လပြည့်ကျော် တစ်ရက်နေ့ ညနေ ၃နာရီလောက် ရွာပြန်ကြတယ် ။ ဒါ ရွာရဲ့  ဘိုးစဉ်ဘောင်ဆက် အစဉ်အလာကို ထိန်းသိမ်းတဲ့အနေထားလည်း ရောက်တာပေါ့" ဟု မင်းလှကျင်းကျေးရွာနေ ကိုမြင့်ရွှေက ပြောသည်။

မင်းဘူး/စကုမြို့နယ် မင်းလှကျင်းကျေးရွာသည် နှစ်စဉ် တပေါင်းလဆန်း ၁၂ရက်နေ့မှ တပေါင်း လပြည့်ကျော် ၁ရက်နေ့အထိ နွားလှည်းများဖြင့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးလာသည်မှာ နှစ်ပေါင်း (၁၀၀)ကျော်ခဲ့ပြီး နောက်မောင်တွင်လည်း ဘိုးဘွားများ၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဘုရားဖူးလာသူများက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required