စစ်တွေရှိ စာသင်ကျောင်းများ ဗုံးပစ်မှတ်ထားလာမည်ကို ပညာရေးဌာနစိုးရိမ်

စစ်တွေရှိ စာသင်ကျောင်းများ ဗုံးပစ်မှတ်ထားလာမည်ကို ပညာရေးဌာနစိုးရိမ်
ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဖေဖေါ်ဝါရီ ၂၇ ရက်။          ။ အစိုးရရုံးအဆောက်အဦများကို ပစ်မှတ်ထား၍ ဗုံးခွဲတိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ် အုပ်ချူပ်ရေး မြို့တော် စစ်တွေတွင် စာသင်ကျောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ပြည်နယ်ပညာရေးဌာနက ဆိုသည်။

 မတ်လ ၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကြောင့် လက်ရှိတွင် စာသင်ကျောင်းများကို ခေတ္တပိတ်ထားရသော်လည်း ဗုံးခွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ၂၄ နာရီ လုံခြုံရေးပေးထားရသည်ဟု ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက RiA သို့ ပြောသည်။

 “ကိုယ့်ကျောင်းနဲ့ကိုယ် နှစ်ဆယ့်လေးနာရီ ဂျုတီချထားဖို့ ညွန်ကြားထားပါတယ်။ ကျောင်းအားလုံးမှာ ချထားတာပေါ့။ ညဉ့်အချိန်ဆိုရင် ကျောင်းစောင့် ဂျုတီပေါ့။ နေ့အချိန်ဆိုတော့ ကိုယ့်ကျောင်းက ဝန်ထမ်းတွေပေါ့။ ဒါက စာမေးပွဲ မတိုင်မီကာလပါ။ စာမေးပွဲ စစ်ချိန်မှာဆိုရင်တော့ နောက်တစ်မျိုးလာမှာပေါ့”ဟု ဦးစိန်ထွန်းလှကပြောသည်။

 လုံခြုံရေးချပေးထားမှုကို ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှ စတင်ကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။

 ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ နံနက်က စစ်တွေမြို့၏ နေရာ သုံးခုတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရပြီး ထိုနေရာများသည် အစိုးရ အဖွဲ့၏ အဓိက ရုံးအဆောက်အဦများဖြစ်သည်။ ထို့အပြင် မပေါက်ကွဲသေးသော အဝေးထိန်း မိုင်း ၃ လုံးကိုပါ ထပ်မံတွေ့ရှိခဲ့သဖြင့် ပြည်နယ်၏ ၁၇ မြို့နယ်ရှိ အစိုးရအဆောက်အဦများအပါအဝင် အများပြည်သူပိုင် အဆောက်အဦများ၏ လုံခြုံရေးမှာ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်နေသည်။

 ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်သည်ဟုဆိုကာ ရခိုင်အမျိုးသားကောင်စီ၏ ထိပ်သီးတစ်ဦးပါ ၄ ဦးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုဖွင့်ကာ ချုပ်ရက်ရမာန်ယူခဲ့သည်။

 လက်ရှိတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပချိန်လည်း နီးကပ်လာပြီဖြစ်ရာ စာသင်ကျောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုကြောင့် ရခိုင်တစ်ပြည်နယ်လုံးကို ယခင်ကထက် ပိုမို သတိပြုရန်နှင့် ၂၄ နာရီထိ လုံခြုံရေးတိုးမြင့်လိုက်ခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required