အာဂျင်တီးနား၌ ဘတ်စ်ကားမတော်တဆဖြစ်၍ လူ ၂ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိ

အာဂျင်တီးနား၌ ဘတ်စ်ကားမတော်တဆဖြစ်၍ လူ ၂ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိ

ဗြူနိုအေးရိစ်၊ ဖေဖေါ်ဝါရီ ၂၇ ။                             ။ အာဂျင်တီးနားနိုင်ငံ အန်ထရီရီရော့စ်အရှေ့ပိုင်းခရိုင်မှ ဗီလာဂွေးမြို့ရှိ တံတားပေါ်၌ ယောင်္ကျားလေးဘောလုံး အသင်းတစ်သင်း လိုက်ပါစီးနင်းလာသော ကျောင်းဘတ်စ်ကားတစ်စင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် လူ ၂ဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် ဒေသစံတော်ချိန်မနက် ၆ နာရီဝန်းကျင်ခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်ဘတ်စ် ကားသည် ဆောက်လုပ်ရေးလုပ်ငန်းဝင်နေသော တီဂရီစီတိုတံတားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပြီး  သေဆုံးသူများမှာ ယာဉ်မောင်းတစ်ဦးနှင့် လူကြီးတစ်ဦးဖြစ်သည်ဟု ဆိုခဲ့သည်။

ဒဏ်ရာရရှိသူများမှာ လူကြီးများနှင့် လူငယ်များဖြစ်ကြပြီး အသေးစားဒဏ်ရာများသာရရှိခဲ့ခြင်းဖြစ်ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

အဆိုပါဘတ်စ်ကားကို ရီယိုဥရုဂွေးသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှပိုင်ဆိုင်ပြီး ပွေတိုအီဂွာဇူခရိုင်မှ ကော်ဒိုဘာမြို့ သို့ သွားရောက်ခဲ့စဉ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားသည် ပုံမှန်လမ်းအတိုင်းမောင်းနှင်လာသော်လည်း လမ်းကြောအကောင်းကို ယာဉ်မောင်း ဖြစ်သူက ရှာဖွေမောင်းနှင်စဉ်တွင် ယင်းမတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒုတိယရဲမှူးကြီး ဝေါလ်တာရိန်ဆန်ဟော်အာက ဆိုခဲ့သည်။

ယင်းဘတ်စ်ကားသည် လမ်းဘေးရှိမြောင်းထဲသို့ ဆင်းကျသွားခဲ့ပြီးနောက် မီတာ ၈၀ ခန့် ယိမ်းထိန်းခါလျက် ရွေ့လျားသွားကာ တံတားကိုဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရိန်ဆန်ဟော်အာက ပြောခဲ့သည်။

ဒါ့အပြင် ယင်းမတော်တဖြစ်မှုအတွင်း အခြားယာဉ်များကို ဝင်တိုက်မိခဲ့ခြင်းမရှိကြောင်းလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required