လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမည့်ကွန်းဖရင့် တက်ရောက်ရေး ငြင်းဆန်ခံရမှုအပေါ် စိတ်ပျက်

လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမည့်ကွန်းဖရင့် တက်ရောက်ရေး ငြင်းဆန်ခံရမှုအပေါ် စိတ်ပျက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ။           ။ " မြန်မာနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင်ဆွေးနွေးပွဲ " ဟု အမည်ပေးထားသော ဆွေးနွေးပွဲသို့ မြန်မာဘက်မှ တက်ရောက်ရေး ပွဲစီစဉ်သူများဘက်က  ငြင်းဆန်ခဲ့၍  စိတ်ပျက်မိကြောင်း ကလောမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောဆိုလိုက်သည်။

ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်(တနင်္လာနေ့) တွင် ရန်ကုန်မြို့ တော်ဝင်လမ်းရှိ Myanmar ISIS ရုံး (ယခင်နိုင်ငံခြားရေးဝန်ကြီးရုံး)၌ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ဦးဆောင်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ဒီအချိန်ကာလမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပက်သက်ပြီး တခြားမတူတဲ့ရှှု့ထောင့်တွေကနေ နားလည်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲကိုတက်ဖို့ Cancel ဖြစ်သွားတာကို အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ် " ဟု ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောဆိုလိုက်သည်။

" The Berlin Conference on Myanmar Genocide" ( မြန်မာနိုင်ငံကလူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင်ဆွေးနွေးပွဲ) ဟု အမည်ပေးထားသော ဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ ဒေသစံတော်ချိန် နံနက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက် (မြန်မာစံတော်ချိန်ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်း) တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲနှင့် ပတ်သက်၍ ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာဘက်မှ ဆွေးနွေးပွဲတက်မည့်သူများသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းခဲ့ပြီး စာရင်းပေးသွင်းမှုများ အောင်မြင်ပြီး လက်မှတ်များထုတ်ပေးကြောင်း ဖော်ပြထားသည့် အတည်ပြု အီးမေးလ်များ ပြန်လည်လက်ခံရရှိခဲ့ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ဖေဖော်ဝါရီ ၂၃ ရက် ညလယ်ခန့်တွင် ပွဲစီစဉ်သူများဘက်က စာရင်းပေးသွင်းမှု ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ပြန်အကြောင်းကြားခဲ့ပြီး ပယ်ဖျက်လိုက်သည့် အကြောင်းရင်းမှာ အခမ်းအနားတွင် ထိုင်ခုံ စီစဉ်မပေးနိုင်ခြင်းကြောင့်ဟု ဖော်ပြခဲ့သည်ဟု သိရသည်။

အဆိုပါကွန်းဖရင့် မှာ လူမျိုးစုများ၊ လူ့အဖွဲ့အစည်းများနှင့် ကိုးကွယ်ရာဘာသာများအကြား ငြိမ်းချမ်းစွာ နေထိုင်ရေး၊ သဟဇာတ ဖြစ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာများကို ခွဲခြားဖော်ထုတ်ရာတွင် ပါဝင်ထောက်ကူနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပွဲတက်ရောက်ရန် ငြင်းဆိုသည့်အတွက်ကြောင့် ကွန်းဖရင့်ကနေ တဆင့် ပိုမိုရှုပ်ထွေးမှုများ ဖြစ်ပေါ်စေမည့် အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာရကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင ်ပြောဆိုကြသည်။

ထို့ကြောင့် ကွန်းဖရင့်သည် ရခိုင်ပြည်သူများအတွက် ရေရှည်အဖြေရှာချက်တစ်ခု ရှာဖွေရာတွင် အတားအဆီး ဖြစ်လာနိုင်ကြောင်းလည်း မြန်မာဘက်မှပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly