ဆန္ဒပြပရီမီယာစက်ရုံအလုပ်သမားများက စက်ရုံသန့်ရှင်းရေးကိစ္စ အဓိကညှိနှိုင်းလိုဟုဆို

ဆန္ဒပြပရီမီယာစက်ရုံအလုပ်သမားများက စက်ရုံသန့်ရှင်းရေးကိစ္စ အဓိကညှိနှိုင်းလိုဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ။            ။ လှိုင်သာယာမြို့နယ်မှ ပရီမီယာစက်ရုံအလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုနေသည့် ၁၈ ရက်မြောက်နေ့ ဖြစ်သော ဖေဖော်ဝါရီ၂၆ရက်တွင် NLD အလုပ်သမားရေးရာကော်မတီက ကြားဝင်ဆွေးနွေးခဲ့ရာ အလုပ်သမား များဘက်မှ အခက်အခဲ ရှိနေကြောင်း လှိုင်သာယာမြို့နယ် NLD အလုပ်သမားရေးရာကော်မတီမှ ဒေါ်အိမ့်ရွှေဇင်ညွန့်က ပြောသည်။

စက်ရုံသန့်ရှင်းရေးလုပ်ရာတွင် စက်ပစ္စည်းများအနီးတွင် အလုပ်သမားများ အလုပ် လုပ်ရာတွင် ကြမ်းပြင်မှာ ရေစိုနေသဖြင့် ဓါတ်လိုက်မည့် အန္တရာယ်ရှိနေကြောင်း လှိုင်သာယာမြို့နယ် NLD အလုပ်သမားရေးရာကော်မတီမှ ဒေါ်အိမ့်ရွှေဇင်ညွန့်ကပြောသည်။

"အစ်မတို့ ညှိနှိုင်းလို့ မရသေးတဲ့ အချက်တစ်ချက်ကတော့ စက်ပစ္စည်းအောက်မှာ တိုက်တဲ့ကိစ္စ အောက်ကရေစိုနေတယ်။ အီလက်ထရောနစ်ကသွားနေတယ်ပေါ့နော်။

အဲဒီကိစ္စအလုပ်သမားကလည်းစိုးရိမ်ဆဲ၊ အလုပ်ရှင်ကလည်း သူ့ရဲ့လုပ်ငန်းခွင်မှာမဖြစ်မနေလုပ်ရမှာဖြစ်နေတော့ ဒီတစ်ချက်တော့ ကျန်နေသေးပါတယ်"ဟု ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဒေါ်အိမ့်ရွှေဇင်ညွန့်က ပြောသည်။

ထိုသို့ ကြားဝင်ဆွေးနွေးပေးခဲ့သော်လည်း တောင်းဆိုချက်များကို ဆုံးဖြတ်ချက် မချနိုင်သူများ တက်ရောက်လာသဖြင့် အလုပ်သမားများအတွက် ထူးခြားမှုမရှိကြောင်း ဆန္ဒပြအလုပ်သမားဖြစ်သူ မခိုင်ခင်မိုးက ပြောသည်။

" ဒီနေ့ရလဒ်က ဘာတွေထူးခြားလဲဆိုတော့ ဘာမှမထူးခြားပါဘူး ။ ဒေါ်အိမ့်ရွှေစင်ညွန့်ကတော့ ဒီနေ့မှသူရောက်လာတဲ့အတွက် ထူးခြားတယ်ပြောချင်ပြောမယ် ။ ၆ ကြိမ်မြောက် ညှိနှိုင်းတဲ့ထဲမှာ ဒီမှာလာညှိနှိုင်း တာနဲ့ အဖြေတွေက တူတူပဲ။ ဘယ်ဟာမှ ညီမတို့အတွက် ပိုပြီး တိုးတက်လာတာမရှိပါဘူး"ဟု ဆန္ဒပြအလုပ်သမားဖြစ်သူ မခိုင်ခင်မိုးက ဆိုသည်။

ပရီမီယာစက်ရုံမှအလုပ်သမားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လုပ်ခလစာတိုးမြှင့်ပေးရန် စတင်တောင်းဆိုခဲ့ပြီး  ဖေဖော်ဝါရီလ ၈ ရက်နေ့၌ အလုပ်သမားအချို့က လုပ်ငန်းခွင်သို့ မဝင်ရောက်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ပရီမီယာကုမ္ပဏီဘက်ကမူ ဖေဖော်ဝါရီလ ၉ရက်နေ့တွင်လည်း စက်ရုံအလုပ်သမားများတောင်းဆိုချက်အများစုကို ကုမ္ပဏီနှင့်ညှိနှိုင်းကာ သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

"သန့်ရှင်းရေးတို့ဘာတို့ဆိုတာက Part of their job၊ သူတို့ရဲ့ Responsibility တို့ ၊ ဘာတို့ထဲမှာပါနေတယ် ။ Food Factory ဖြစ်တဲ့အတွက် သန့်ရှင်းရေးဆိုတာက Basic (အခြေခံ)ပေါ့ Food Factory ရဲ့ လိုအပ်ချက်တွေမှာ ပါတယ်။ အဲဒါတွေပါ သူတို့လုပ်ရမှာ။ အစ်မတို့အတင်းအဓမ္မခိုင်းတာတို့ အဲ့လိုမျိုးလည်း လုပ်လို့မရဘူး ။ လုပ်လည်းမလုပ်ဘူး။  ဝန်ထမ်းတွေက ဝင်လာပြီဆို သူတို့သဘောတူခဲ့တဲ့ အလုပ်ခေါ်စာမှာကိုပါ လာပြီးလုပ်ခဲ့တာ"ဟု ပရီမီယာကုမ္ပဏီ၏ ဝန်ထမ်းရေးရာမှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

သဘောတူဆွေးနွေးနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိဘဲ တောင်းဆိုချက်၁၄ချက်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ထပ်မံတောင်းဆိုခဲ့သည်ဟု ပရီမီယာကုမ္ပဏီဘက်မှ ဆိုသည်။

ထပ်မံတောင်းဆိုချက်များမှ ၆ချက်မှာ ကုမ္ပဏီမှ လုပ်ဆောင်ပေးထားပြီး ၄ချက်မှာ အလုပ်ရှင်အလုပ်သမား EC စာချုပ်ပါ အချက်တချို့နှင့် ရုံးတွင်းစည်းကမ်းချက်များကိုပြင်ဆင်သည့်အချက်များဖြစ်သည်။ ကျန်၄ချက်မှာ ငွေကြေးဆိုင်ရာတောင်းဆိုမှုဖြစ်ပြီး ဖေဖော်ဝါရီ၉ရက်နေ့ညှိနှိုင်းထားသည်ထက် ပိုမိုတောင်းဆိုခဲ့သည်ဟု ကုမ္ပဏီ က ယနေ့ ဖော်ပြထားသည်။

"သန့်ရှင်းရေးလုပ်ရတယ် လှေကားတွေနဲ့တက်ပြီးလည်းလုပ်ရတယ် သူတို့ကို ညီမတို့ပြန်တောင်းဆိုတာက အခြောက် သန့်ရှင်းရေးခိုင်းမလား ။ တနင်္လာနေ့ကနေ စနေနေ့ကိုသန့်ရှင်းရေးမလုပ်ပဲ တနင်္ဂနွေနေ့ကိုသန့်ရှင်းရေးခိုင်းမလား သူတို့ကိုမေးတယ် သူတို့လည်းညီမတို့ကို ချက်ချင်းအဖြေပြန်မပေးသွားနိုင်ဘူး"ဟု စက်ရုံအလုပ်သမား မခိုင်ခင်မိုးက ပြောသည်။

ပရီမီယာကုမ္ပဏီစက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာသည် ၁သိန်း၈သောင်းရှိနေပြီး အမြင့်ဆုံးလုပ်ခလစာမှာ ၃သိန်းသတ်မှတ်ပေးထားသည်။ လက်ရှိအချိန်တွင် ပရီမီယာအလုပ်သမား ၉၀၀ကျော်တွင် အလုပ်သမား ၆၀၀ခန့်က ဆန္ဒပြတောင်းဆိုနေပြီး ၃၀၀ခန့် အလုပ်ဆက်လုပ်နေနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required