စစ်တွေ ဗုံးတိုက်ခိုက်မှု၊ ရခိုင်အမျိုးသားကောင်စီ၏ ထိပ်သီးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဖမ်းဆီး၊ ရမန်ယူအမှုဖွင့်

စစ်တွေ ဗုံးတိုက်ခိုက်မှု၊ ရခိုင်အမျိုးသားကောင်စီ၏ ထိပ်သီးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဖမ်းဆီး၊ ရမန်ယူအမှုဖွင့်
 ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ နံနက်အရုဏ်က စစ်တွေဗုံးတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးခံထားရသူ ၄ ဦး (ဓာတ်ပုံ - RiA)

စစ်တွေ၊ ဖေဖော်ဝါရီ ၂၆ ရက်။        ။ ရခိုင်ပြည်နယ်အစိုးရ အရာရှိများကို ဦးတည်ခဲ့သည့် စစ်တွေ ဗုံးတိုက်ခိုက်မှု၏ လက်သည်တရားခံအဖြစ် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်ပြည်အမျိုးသားကောင်စီ ANC မှ ထိပ်သီး တစ်ဦး အပါအဝင် ဒေသခံ ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ (ဈ) တို့ဖြင့် ဖမ်းဆီး အမှုဖွင့်လိုက်သည်။

အဆိုပါ ၄ ဦးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စစ်တွေမြို့၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည် ၂ နာရီတွင် မြို့နယ်တရားရုံး၌ ရုံးထုတ် ချူပ်ရက် ရမန်ယူခဲ့ပြီး အမှုဖွင့်ခဲ့ခြင်းလည်း ဖြစ်သည်။

“ရမန်ယူတဲ့ ပုဒ်မက အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မနဲ့ပါ။ ရုံးထုတ်ပြီး စစ်တွေအမှတ် (၁) ပြန်ယူသွားပါ တယ်။ ပြီးမှပဲ ထောင်ကို ပို့မယ်ထင်ပါတယ် ” ဟု ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စိုး၏ ညီဖြစ်သူ ကိုရဲပိုင်စိုးက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်က ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေရှိ အစိုးရရုံးအဆောက်အဦ များ ဖြစ်သော တရားလွှတ်တော်ချူပ်ရုံးနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာန အပါအဝင်   ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်တို့မှာ ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားတစ်ဦးအပါအဝင် လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် မပေါက်ကွဲသေးသည့် တပ်ဆင်ထားရှိသည့် မိုင်း ၃ လုံးကိုပါ ထပ်မံတွေ့ရှိခဲ့ပြီး ကျူးလွန်သူတို့ကို စုံစမ်းစစ်ဆေးနေစဉ် ယခုလို ANC ၏ လူမှုရေးဌာန တာဝန်ခံ အပါအဝင် ဒေသခံ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်တွေမြို့မ အမှတ် (၁) ရဲစခန်း၊ စခန်းမှူး ဒုရဲမှူး မိုးဇော်သူက "ဖမ်းဆီးတာမဟုတ်ဘူး စစ်ဆေးဖို့ ခေါ်သွားတာ” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးမှာ ANC မှ လူမှုရေးဌာန တာဝန်ခံဖြစ်သော စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နေ ဦးနိုင်စိုးနှင့် သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်သူ ဦးမောင်သန်းရွှေ၊ စစ်တွေမြို့ လမ်းသစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေထွန်းအောင်နှင့် စစ်တွေ ကန်တော်ကြီး ရပ်ကွက်နေ ဦးမောင်ဦးမြင့်တို့ ဖြစ်သည်။

၎င်းတို့ကို ချူပ်ရက်ရမန်အား ယနေ့ယူခဲ့ပြီး လာမည့် မတ်လ ၁၂ ရက်နေ့တွင် ထပ်မံရုံးထုတ်ရန် စစ်တွေမြို့နယ် တရားရုံးက ချိန်းဆိုခဲ့သည်။

ဖမ်းဆီးခံရသူ ၄ ဦးတွင် ကိုနိုင်စိုး (ခ) မဲလုံးကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့ပြီး ၎င်းအပါအဝင် ၁၁ ဦးကို  ထောင်ဒဏ် ၂ နှစ်မှ ၈ နှစ်အထိ အသီးသီးချမှတ်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

လက်ရှိတွင် ကိုနိုင်စိုးသည် ကျင်းပပြုလုပ်နေသော ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးများအပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရခိုင်ပြည်အမျိုးသားကောင်စီ၏ လူမှုရေးဌာန တာဝန်ခံအနေဖြင့် တက်ရောက်လျက်ရှိသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးပွဲတွင် ANC တက်ရောက်နိုင်ရေး နိုင်ငံတော်နှင့် ညှိနှိုင်းမှု ပြုလုပ်နေသည့် နောက်ဆုံးအချိန်ထိ လက်မှတ်ရေးထိုးဖြစ်ခဲ့ပါက တက်ရောက်ရမည့် ကိုယ်စားလှယ် စာရင်းတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီမှ သိရသည်။

ရခိုင်ပြည်အမျိုးသားကောင်စီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု NCA သဘောတူညီချက်များကို ညှိနှိုင်းဆွေးနွေးနေသည့် အဖွဲ့တစ်ခုဖြစ်သလို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရမှ တက်ရောက်ခွင့် ပြုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်သို့ ဆက်သွယ်မေးမြန်းရာတွင် စစ်တွေဗုံးတိုက်ခိုက်မှုသည် ကိုနိုင်စိုးနှင့် ပတ်သက်မှုလုံးဝ မရှိကြောင်းနှင့် အစိုးရမှ အမှုဆင် ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

 “သူ့မှာ ဘာအပြစ်မှမရှိပါဘဲနဲ့ မတရားဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ သူဟာ အာဏာပိုင်တွေ စွပ်စွဲသလိုမျိုး ဒီလ (၂၄) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ဆက်နွယ်မှုလည်း မရှိပါဘူး။ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ တရားလက်လွတ် ဖမ်းဆီးတာမျိုးကတော့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ဆိတ်သုဉ်းသွားပြီ၊ တရားစီရင်ရေးလည်း ပျက်စီးနေပြီဆိုတာကို ပြသလိုက်တာပါပဲ။” ဟု ANC ၏ ဗဟိုအထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

စစ်တွေ ဗုံးတိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကမူ “ကျွန်တော်တို့ ဘာမှ မလုပ်ဘဲ မတော်မတရား တရားစွဲခံရတာပါ” ဟု ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်က ရုံးထုတ်လာစဉ် သတင်းမီဒီယာများသို့ ပြောခဲ့သည်။

ယခုစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ (ဈ) တို့သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required