လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ (၃)

လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ (၃)

မနေ့တုန်းက စကားပြေရေးတော့မယ်ဆိုရင် မလွဲမသွေ ရင်ဆိုင်ဖြတ်ကျော်ရမယ့် အဆင့်တချို့ကို မိတ်ဆက်ဆွေးနွေးခဲ့ပါတယ်။ အဲဒါတွေကတော့ ပထမအဆင့်က ရေးစရာအကြောင်းအရာ ရှိရမယ်။ ဒုတိယအဆင့်က ရည်ရွယ်ချက်ရှိရပါမယ်။ အဲဒီအကြောင်းအရာကို ဘယ်လိုရည်ရွယ်ချက်နဲ့ရေးမလဲဆိုတာပြီးရင် တတိယအဆင့်က စုစည်းဖွဲ့စည်း စည်းရုံးခြင်းလုပ်ရပါမယ်။

ဥပမာ ကျနော်တို့မှာ အုတ်ဖုတ်လုပ်ငန်းအကြောင်းရေးချင်တယ်ဆိုပါစို့။ အုတ်ဖုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ရှိရပါမယ်။ တခါ အုတ်ဖုတ်လုပ်ငန်းကိုရေးတော့မယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးမလဲ။ အုတ်ဖုတ်လုပ်ငန်းဟာ အင်မတန်ဆင်းရဲပင်ပမ်းတဲ့အလုပ်ဖြစ်တယ်ဆိုတာ ပြောပြချင်တဲ့ရည်ရွယ်ချက်လား၊ ဒါမှမဟုတ် အုပ်ဖုတ်လုပ်ငန်းဟာ စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို ပြောချင်တဲ့ရည်ရွယ်ချက်လား အစရှိတဲ့ ပြောပြချင်တဲ့ရည်ရွယ်ချက် ရှိရပါမယ်။ ကောင်းပြီ အုတ်ဖုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်တွေလည်း ရှိပြီ ပြောပြချင်တဲ့ရည်ရွယ်ချက်လည်း ရှိပြီဆိုရင်တော့ ဘယ်ကစရေးမလည်း၊ ဘယ်လိုအဆင့်ဆင့်ရေးသွားမလည်း၊ ဘယ်လိုနိဂုံးချုပ်မလည်းဆိုတဲ့ စနစ်တကျ ဖွဲ့စည်းစည်းရုံးရေးသားရမယ့် အဆင့်ကိုရောက်လာတော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ သတိရလို့မေးပါရစေ။ စာဖတ်သူလူငယ်တွေဟာ အကြောင်းအရာတစ်ခုခုကိုတော့ စကားပြေရေးဖူးကြမှာဖြစ်ပါတယ်။ အဲသလိုရေးတဲ့အခါ အခု ကျနော်ဆွေးနွေးခဲ့တဲ့ အဆင့်အသီးသီး သေသေချာချာ စဉ်းစားစီစဉ်ပြီးမှ ရေးခဲ့ကြဖူးပါရဲ့လား။ အဲသလိုမဟုတ်ဘဲ စိတ်ထဲပေါ်လာသလို စနစ်တကျမဟုတ်ဘဲ ရေးခဲ့ကြတဲ့သဘောလား။ ဒါဆိုရင်တော့ နောက်တစ်ခါ စကားပြေရေးဖို့ ရှိလာခဲ့ရင်တော့ အခု ကျနော် ဆွေးနွေးခဲ့တဲ့ စကားပြေရေးမယ့်သူ မလွဲမသွေဖြတ်သန်းရမယ့် အဆင့်သုံးဆင့်ကို သေသေချာချာ အသိရှိရှိ စဉ်းစားသုံးသပ်ပြီးမှ ရေးကြည့်ပါ။ အရင်ကထက်ပိုပြီးကောင်းမွန်တဲ့ စကားပြေတွေ မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။

ကဲ ဆက်ကြရအောင်။

အထက်မှာဆွေးနွေးခဲ့တဲ့အချက်အလက် သုံးခုဟာ စကားပြေရေးတော့မယ့်လူတစ်ယောက်အတွက် အရေးကြီးတဲ့ ဖြတ်ကျော်မှုသုံးခုပါပဲ။ အခုဆက်ပြောမယ့်အချက်တော့ စကားပြေဟန် လို့ဆိုတဲ့ စကားပြေရေးနည်းရေးဟန် ကိစ္စဖြစ်ပါတယ်။

လူတွေ လမ်းလျှောက်တဲ့အခါ ကိုယ်ပိုင်ဟန်အသီးသီး ရှိကြသလိုပဲ စကားပြေရေးတဲ့အခါမှာလည်း စကားပြေရေးဟန် အမျိုးမျိုး ရှိတတ်ပါတယ်။ အလွယ်ကူဆုံးနဲ့ အနီးစပ်ဆုံးဥပမာပြောရရင် “ကျနော်၏မွေးသဖခင် ကျေးဇူးရှင် ကွယ်လွန်သည်” ဆိုသည့်စာကြောင်း၊ “ကျနော်၏ဖခင်ကွယ်သည်”ဆိုသည့်စာကြောင်းနဲ့ “ကျနော်၏ဘိုးတော်ကြီးကွယ်လွန်သည်” ဟူသောစကားတို့မှာ ဖခင်ဖြစ်သူကွယ်လွန်ကြောင်းဖေါ်ပြသည့်စာများဖြစ်သော်ငြားလည်း ရေးနည်းရေးဟန်မတူကြသည်ကို တွေ့ရမှာပါ။

နောက်တစ်ခါ ရေးမယ့်အကြောင်းအရာပေါ်မူတည်ပြီး ရေးဟန်ကွဲသည်လည်း ရှိပါသည်။ ဥပမာ ဘော်လုံးပွဲအကြောင်းရေးတဲ့ရေးဟန်နဲ့ အသုဘတစ်ခုအကြောင်းရေးတဲ့ ရေးဟန် မတူနိုင်ကြပါဘူး။

နောက်တစ်ခုကတော့ သိစေရန်ရည်ရွယ်ပြီးရေးတဲ့ပရိသတ်အပေါ်မူတည်ပြီးလည်း ရေးဟန်ကွဲရပြန်ပါတယ်။ ဥပမာ ပညာရှင်ပရိတ်သတ်အတွက် ရေးတဲ့စကားပြေဟန်နဲ့ အလည်တန်းကျောင်းသားကလေးများအတွက်ရေးတဲ့ရေဟန်ဟာ တူနိုင်စရာအကြောင်းမရှိပါဘူး။

ဒီလိုဘာ့ကြောင့် ရေးဟန်တွေကွဲသွားရသလဲ။ ရေးဟန်ကွဲဖို့ လိုအပ်လာခဲ့သလဲ။ အဲဒါကတော့ စကားပြေရေးသူရဲ့ စေတနာအပေါ်မူတည်ပါတယ်။ အပေါ်မှာ ဥပမာပေးခဲ့သလို ဖခင်ကွယ်လွန့်သည့်အကြောင်းအရာအပေါ် စကားပြေချရေးတဲ့အခါ ရေးသူက ဖခင်အပေါ် ဘယ်လိုစေတနာစိတ် ထားရှိသလဲအပေါ်မှာမူတည်ပြီး ရေးဟန်ကွဲသွားတာတွေ့ကြရတာပါ။  ဒီလိုပါပဲ ငါရေးတာ ပညာရှင်တွေဖြစ်တယ်။ တကယ်လေးနက်ခန့်ညားတဲ့ရေးဟန်နဲ့ရေးမှဖြစ်မယ်ဆိုတဲ့စေနာနဲ့ရေးတဲ့စကားပြေဟန်ဟာ ငယ်ရွယ်ပြီး ပညာမပြည့်စုံသေးသူ အလည်တန်းကျောင်းသားတွေဖြစ်တာမို့ သူတို့နဲ့ကိုက်ညီမယ့် သူတို့နားလည်လွယ်စေမယ့်ရေးဟန်နဲ့ရေးမှဖြစ်မယ်ဆိုတဲ့စေတနာအပေါ်မူတည်ပြီး ရေးဟန်လည်း ကွဲပြားခြားနားသွားရမှာ မလွဲပါဘူး။

ကဲ ဒါဆိုရင် စကားပြေရေးတဲ့အခါ စကားပြေရေးမယ့်သူမှာ ရေးမယ့်အကြောင်းအရာ ရှိရမယ်။ ရည်ရွယ်ချက်ရှိရမယ်။ ဖွဲ့စည်းစည်းရုံးမှု ရှိရမယ်။ စေတနာရှိရမယ်ဆိုတဲ့ အခြေခံလိုအပ်ချက် ပြည့်စုံသလောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။

ဒီအခြေခံအချက်အလက်တွေကိုသာ ကြေညက်အောင် စဉ်းစားပြင်ဆင်ထားမယ်ဆိုရင် ဘယ်သူမဆို စကားပြေရေးလို့ ရပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစကားပြေဟာ ကောင်းမွန်တဲ့စကားပြေ ဖြစ်မဖြစ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဒီအချက်တွေက စကားပြေရေးမယ့်သူအတွက် မဖြစ်မနေ ဖြတ်သန်းရမယ့် ကိစ္စတွေပဲဖြစ်ပါတယ်။ စကားပြေကောင်းတစ်ပုဒ် ဟုတ်၏ မဟုတ်၏ တိုင်းတာဆုံးဖြတ်လို့ရတဲ့ ပေတံတွေ မဟုတ်သေးပါဘူး။ ဒီအချက်တွေဟာ စကားပြေစတင်ရေးတော့မယ့်သူတစ်ဦး စနစ်တကျ စဉ်းစားပြင်ဆင်ရမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ စကားပြေကောင်းတစ်ပုဒ် ရဲ့ အဂါီရပ်တွေ မဟုတ်သေးပါဘူး။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့မှာ ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။

လူငယ်များ လှပကောင်းမွန်တဲ့စကားပြေများ ရေးသားနိုင်ကြပါစေ။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/37601

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/37690

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly