မကွေးတိုင်းလစ်လပ်ဝန်ကြီး ၂ ဦး နေရာခန့်အပ်ရန် အဆိုပြုချက် တိုင်းဝန်ကြီးချုပ် ရုတ်သိမ်း

မကွေးတိုင်းလစ်လပ်ဝန်ကြီး ၂ ဦး နေရာခန့်အပ်ရန် အဆိုပြုချက် တိုင်းဝန်ကြီးချုပ် ရုတ်သိမ်း

မကွေး၊ ဖေဖော်ဝါရီ ၂၆ ။             ။ လစ်လပ်ဝန်ကြီး၂ ဦး ခန့်အပ်မည့်ကိစ္စအား အဆိုပြုထားသော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြည်သူအသံ နားထောင်ပြီး ယင်းအဆိုအား  ပြန်လည်ရုတ်သိမ်းကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် မှ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် သိရသည်။

ယနေ့ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ဒုတိယနေ့တွင် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက လွှတ်တော်ကို တင်သွင်းကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက တိုင်းလွှတ်တော်တွင် ဖတ်ကြားတင်သွင်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပေးပို့သည့်ဝန်ကြီးနှစ်ဦးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် “ လစ်လပ်လျှက်ရှိသော ဝန်ကြီးနှစ်ဦးနေရာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဦးအောင်ကျော်မိုးနှင့်ဦးအေးငွေတို့နှစ်ဦးအား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ကြောင်း၊ သို့သော် အခြေအနေ အရပ်ရပ်ကို သုံးသပ်၍၎င်းတို့နှစ်ဦးအား အမည်စာရင်းတင်သွင်းထားခြင်းမှ ပြန်လည်ရုတ်သိမ်းပါကြောင်း ဝမ်းနည်းစွာ တင်ပြအပ်ပါသည်” ဟု တိုင်းလွှတ်တော်သို့ တင်ပြတင်သွင်းထားကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက လွှတ်တော်တွင် ဖတ်ကြားတင်သွင်းခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်နေရာအား မကွေးတိုင်းဝန်ကြီးချုပ် အဆိုပြု တင်သွင်းထားသော ဝန်ကြီးနှစ်ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဖေဖော်ဝါရီလ ၁၆ ရက်က ကန့်ကွက်ခဲ့ကြပြီးနောက် အချိန်ယူစီစစ်ရန်ဆိုကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ လွှတ်တော်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန ဝန်ကြီးနေရာ နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဌာန ဝန်ကြီးနေရာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုလာသည့် နှစ်ဦးမှာ မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် ၁၆လမ်း အမှတ် ၁၆၆၆.၇ တွင်နေထိုင်သည့် ဦးအေးငွေ၊ညွှန်ကြားရေးမှူး( ငြိမ်း၊ဆည်မြောင်း ) အသက်(၆၉)နှစ် နှင့်မကွေးမြို့ ကန်သာရပ် ကွက် D အုပ်စု ၈၄/ကန်သာ( ၁၆)လမ်းတွင် နေထိုင်သည့် ဦးအောင်ကျော်မိုး၊ အသက်(၆၇)နှစ်  တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်သည်။

ကန့်ကွက်ရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီးမကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများအဖြစ် အဆိုတင်သွင်း ခံရသူ နှစ်ဦးအနက် တစ်ဦးသည် တိုင်းလက်ထောက် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အလယ်တန်းပြဆရာတစ်ဦးကို နိုင်ငံရေးလုပ်သည်ဟူသော စွဲချက်ဖြင့် ခုံရုံးဖွဲ့စစ်ဆေးခဲ့သူတစ်ဦးဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်ဟု  တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောထားသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က" မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဝန်ကြီးနှစ်ဦးခန့်အပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့အသံ၊လွှတ်တော်အသံ နားတောင်ပြီး ဝန်ကြီးချုပ် အဆိုပြုထားတ့ဲနှစ်ဦးကို ပြန်လည်ရုပ်သိမ်းပေးတဲ့အတွက် လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊လျှပ်စစ်၊စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဓ မကွေးတိုင်းဒေသကြီး အစိုး ရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာကို တိုင်းအစိုးရဝန်ကြီးချုပ်က တိုင်းလွှတ်တော်ကို ဝန်ကြီးနှစ်ဦးကို အဆိုတင်သွင်းခဲ့တယ် တင်ထားတဲ့ ဝန်ကြီးနှစ်ဦးကို လွှတ်တော်နဲ့ပြည်သူတွေက မနှစ်သက်တဲ့အတွက် ဝန်ကြီးချုပ်က ပြန်လည်ရုပ်သိမ်းခဲ့တာပါ” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့သည် ဇန်နဝါရီ လ ၅ ရက်နေ့က ဝန်ကြီးနေရာမှ နှုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က သမ္မတရုံးမှ ခွင့်ပြုပေးခဲ့ရာ လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် တစ်လကျော်အကြာ၌ တိုင်းအစိုးရမှ တိုင်းလွှတ်တော်သို့ အဆို တင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly