ဖိနပ်ပေါက်လို့ အနာနဲ့ အမာရွတ်တွေ ဖြစ်နေပြီလား

ဖိနပ်ပေါက်လို့ အနာနဲ့ အမာရွတ်တွေ ဖြစ်နေပြီလား

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ပျိုပျိုမေလေးတို့ အလှအပတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတဲ့အထဲမှာ ဖိနပ်ပေါက်လို့ ခြေထောက်တွေနာပြီး အမာရွတ်တွေ ကျန်ခဲ့တာလည်း ပါ ပါတယ်။  ဖိနပ်အသစ်စီးတိုင်း ဖိနပ်ပေါက်တဲ့ အနာဟာလည်း ပြေးမလွတ်တာမို့ ဖိနပ်လှလှလေးရဲ့နောက်မှာ ပလာစတာနဲ့အနာတွေ ပါလာရစမြဲပါပဲ။ ဒီလိုတွေ ဆက်တိုက် ဖြစ်နေတယ်ဆိုရင်တော့ နည်းလမ်းလေးတွေ ရှာဖို့ လိုနေပါပြီနော်။ ဖိနပ်အသစ်စီးတိုင်း မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ၊ ပြီးတော့ ခြေထောက်နာတာတွေအတွက် သက်သာအောင် လုပ်နည်းလေးတွေ မျှဝေပေးမယ်နော်။

ဖိနပ်မပေါက်အောင်

ဖိနပ်မပေါက်အောင် စီးနိုင်ဖို့အတွက် ဖိနပ်ဝယ်တဲ့အခါမှာ ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမယ့် ဖိနပ်ကိုသာ ရွေးချယ် ဝယ်ယူပါ။ ဖိနပ်နဲ့ ခြေထောက်က အရမ်းကွက်တိကြီး ဖြစ်ပြီး ကျပ်နေမယ်ဆိုရင် ဖိနပ်ပေါက်တာ ဖြစ်နိုင်ပါတယ်။ ဖိနပ်ရဲ့ သဲကြိုးနေရာက ပေါက်တာဆိုရင်တော့ ဖိနပ်သားကို ပျော့တာလေး အတတ်နိုင်ဆုံး ရွေးချယ်ပါနော်။  ဖိနပ်ဝယ်တဲ့အခါမှာ ဒေါက်သေးသေး မျှင်မျှင်လေးတွေ အတတ်နိုင်ဆုံး ရှောင်ပါနော်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖိနပ်ဒေါက်သေးသေးလေးက ထိန်းထားရတာမို့ ခြေထောက်နဲ့ ခြေချောင်းလေးတွေက ပိုအားစိုက်ရပြီး ဖိနပ်ပိုပေါက်နိုင်ပါတယ်။ ရှူးဖိနပ်လေးတွေ ဝယ်တဲ့အခါမှာ ရှေ့ထိပ်နဲ့ ခြေမ ကွက်တိဖြစ်တာမျိုး မရွေးပါနဲ့နော်။ အနောက်ပိတ်ဘက်က လွတ်နေမယ်ဆိုရင် မနာအောင် shoe capလေးတွေ သုံးနိုင်တာ မမေ့နဲ့နော်။

ဖိနပ်ပေါက်အနာတွေအတွက်နည်းလမ်းများ

ဖိနပ်ပေါက်တာကို လက်ခံနိုင်တယ် စီးတဲ့အချိန်ကြာရင် ပျောက်သွားမှာဆိုပေမယ့် အမာရွတ်တွေ ကျန်ခဲ့တာကိုတော့ စိတ်ညစ်ရတယ်ဆိုရင် နည်းလမ်းကောင်းလေးတွေ လုပ်ဆောင်ကြည့်ဖု့ိ တိုက်တွန်းလိုက်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကတော့ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေး တစ်ခုပါနော်။  ရှားစောင်းလက်ပပ်က ဖိနပ်ပေါက်လို့ ဖြစ်ရတဲ့ နာကျင်တာတွေကို သက်သာစေပြီး အရေပြားတွေ ပျက်စီးကုန်တာကို အလျင်အမြန် သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးကြောပြီး အတွင်းသား ဂျယ်လ်လေးကို ယူလိမ်းလိုက်ပါ။ နောက်တော့ ခြောက်သွားရင် ရေနွေးလေးနဲ့ စိမ်လိုက်ပါ။ ခဏခဏ ပြုလုပ်ပေးနိုင်ပြီး (၃) ရက်လောက်ဆိုရင် သက်သာသွားမှာပါ။

ရေခဲ

ရေခဲကတော့ ဖိနပ်ပေါက်တာကြောင့် ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်နော်။ ရေခဲကို အဝတ်စလေးနဲ့ ထုပ်ပြီး နာတဲ့နေရာမှာ ကပ်ထားပေးပါ။ (၁၀) မိနစ်လောက်ဆိုရင်တော့ အေးလာပြီး နာကျင်တာတွေ သက်သာသွားပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီကလည်း ဖိနပ်ပေါက်တဲ့ အနာတွေကို သက်သာစေပြီး အမာရွတ်တွေ လျော့အောင်လည်း လုပ်နိုင်ပါတယ်။ အုန်းဆီက စုတ်သွားတဲ့ အရေပြားကို ပြန်လည်အားဖြည့်ပေးတာမို့ အနာ နေရာမှာ အုန်းဆီလေး လိမ်းထားပေးလိုက်ပါ။ အရေပြားချောမွေ့လာမှာ ဖြစ်ပြီး မြန်မြန်လည်း ပျောက်ကင်းမှာပါ။

Vaseline

Vaseline ကတော့ ဖိနပ်ပေါက်တာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ ညအိပ်ခါနီးတိုင်း အနာနဲ့ အမာရွတ်တွေကို Vasline လေး လိမ်းပြီး အိပ်ပေးနော်။

ပျိုပျိုမေတို့ရေ ခြေထောက်လှလှလေး ဖြစ်ဖို့အတွက် ဖိနပ်မပေါက်စေမယ့် နည်းလမ်းတွေအပြင် အနာနဲ့ အမာရွတ်ကိုပါ သက်သာစေနိုင်မယ့် နည်းလမ်းလေးတွေ  ဝေမျှပြီးပြီ ဖြစ်လို့ လိုက်နာကြည့်ဖို့ မမေ့ပါနဲ့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required