မိုးညှင်းတွင် ကျောင်းသားကျောင်းသူများပါသော စက်လှေတိမ်းမှောက်၊ ၄ လောင်းတွေ့ရှိပြီး ၅ ဦးပျောက်နေ

မိုးညှင်းတွင် ကျောင်းသားကျောင်းသူများပါသော စက်လှေတိမ်းမှောက်၊ ၄ လောင်းတွေ့ရှိပြီး ၅ ဦးပျောက်နေ
ကယ်ဆယ်ရရှိထားသည့် ကျောင်းသူတစ်ချို့ကို လုံးတုံတိုက်နယ်ဆေးရုံတွင် တွေ့ရစဉ်။ ဓါတ်ပုံ- အောင်သော်
 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ။             ။ ကျောင်းသားကျောင်းသူများအပါအဝင် လူ ၁၈ ယောက်ပါ လာသော စက်လှေတစ်စီး ဖေဖော်ဝါရီလ ၂၅ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်တွင် တိမ်းမှောက်သွားခဲ့ရာ ရုပ်အလောင်း ၄ လောင်း ဆယ်ယူရရှိထားပြီး ၅ ဦးပျောက်ဆုံးနေသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုမှာ ဖေဖော်ဝါရီလ ၂၅ ရက်၊ ည ၆ နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် အင်းတော်ကြီးအိုင်အရှေ့ဘက်ကမ်းရှိ လုံးစန့် အ.လ.က ကျောင်းမှ ကျောင်းသူ ကျောင်းသား ၁၅ ဦး၊ ဆရာမ ၁ ဦးနှင့် စက်လှေမောင်းသူအပါအဝင် စုစုပေါင်း ၁၈ ဦး စီးနင်းလိုက်ပါလာ ခြင်းဖြစ်ကာ အင်း တော်ကြီးရေလယ်ဘုရားဖူးပြီးအပြန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်လှေမှာ လေမုန်တိုင်းကျရောက်သဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး စက်လှေမှောက်သည့်အချိန်တွင် လိုက် ပါလာသူ ၁၈ ဦးအနက် ၉ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မိုးညှင်းမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ ညနေ ၆ နာရီဝန်းကျင်လောက်ဖြစ်တာ။ အဲ့ဒီချိန်မှာက အင်းထဲမှာ နည်းနည်းလှိုင်းထန်တဲ့အချိန်လေ။ အခု ကြားတာကတော့ သူတို့ရဲ့စက်လှေကလည်းပဲ စက်လှေအသေးပေါ့နော်။ စက်လှေအသေးကို ဟွန်ဒါစက် လေးနဲ့ မောင်းတဲ့ဟာမျိုး။ အဲ့ဒီအသေးလေးမှာ လူ ၁၈ ယောက်လောက်တင်တော့ လှိုင်းထန်တဲ့ အချိန်နဲ့တိုး တော့ ဒဏ်မခံနိုင်ဘဲ မြှုပ်သွားတဲ့သဘောရှိတယ်။ ရှစ်တန်းကျောင်းသူ၊ ကျောင်းသားတွေ များတယ်လို့ ပြောတယ်။ ၈ တန်းက စာမေးပွဲက မပြီးသေးဘူး။ စာမေးပွဲမပြီးသေးတဲ့အချိန်မှာ ဆရာမက ဘာရည်ရွယ်ချက်နဲ့ အဲ့ဒီကိုခေါ်သွားလည်း မသိဘူး။ ကျွန်တော်တို့လည်း အဲ့ဒီကိစ္စကို တော်တော်အံ့သြနေတယ်။ သဘောက ပျော်ပွဲစားပေါ့ဗျာ။ အဲ့ဒီလိုမျိုး။ ကလေးတွေကို စိတ်ပျော်အောင် လုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာမရဲ့ စေတနာကတော့ အဲ့ဒီလိုထင်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲနဲ့ အဲ့ဒီလိုဖြစ်သွားတာပေါ့”ဟု ဦးကျော်ကျော် ဝင်းက ပြောသည်။

ပျောက်ဆုံးနေသည့် ၉ ဦးမှာ ၈ တန်းကျောင်းသူ ၇ ဦးနှင့် ကျောင်းသား ၁ ဦး၊ စက်လှေမောင်းသူ၏ အသက် ၂ဝ အရွယ် သမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါပျောက်ဆုံးနေသည့် ၉ ဦးထဲမှာ ၄ ဦးအား သေဆုံးလျက် ဆယ်ယူရရှိထားသည်။

ကယ်ဆယ်ရရှိခဲ့သည့် ၉ ဦးမှာလည်း ၇ ဦးမှာ ထိခိုက်ဒဏ်အနည်းငယ်ရရှိခဲ့ပြီး လက်ရှိတွင် လုံးတုံ တိုက်နယ် ဆေးရုံတွင် ဆေးကုမှုပေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required